ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ အသစ်ခန့်အပ်

ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ အသစ်ခန့်အပ်

မေ ၂၇

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ)၏ ဥက္ကဋ္ဌအသစ်အဖြစ် ယခင်ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးစောထော့လေးကို ကန့်ကွက်သူမရှိထောက်ခံမှုဖြင့် ခန့်အပ်လိုက်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွှန့် ကပြောသည်။

တွဲဖက်အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောကျော်ညွန့်က“ဒီမှာကတော့တပ်မဟာ၂မှာရှိတဲ့အစဉ်အလာတိုင်းပါပဲ။အကြီးဆုံးကိုထောက်ခံမယ်။ထောက်ခံတဲ့အခါကန့်ကွက်တဲ့သူမရှိတဲ့အတွက်အကြီးဆုံးကပဲကန့်ကွက်သူမရှိ ထောက်ခံမဲနဲ့ အတည်ပြုခန့်အပ်ခံရတာပါ။” ဟုပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လတ်မှတ်ရေးထိုးခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောဌေးမောင်(ခ) စောထိန်မောင် အသက်(၉၃) နှစ်သည် မေလ ၃ရက်က လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

သူကွယ်လွန်ပြီး နောက်ပိုင်းတွင် ကောင်စီအတွင်း ရာထူးအပြောင်းအလဲများ ပထမဆုံးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လစ်လပ်သွားသည့်ဥက္ကဋ္ဌနေရာတွင်ယခင်ဒုတိယဥက္ကဌဖြစ်သည့်ဒုတိယဗိုလ်ချုပ်ကြီးစောထော့လေးကတာဝန်ယူပြီးဒုတိယဥက္ကဌနေရာတွင်စစ်ထောက်ချုပ်ဗိုလ်ချုပ်စောရင်နုကလွှဲပြောင်းရယူကာစစ်ထောက်ချုပ်နေရာနှင့်တွဲဖက်အထွေထွေအတွင်းရေးမှူးနေရာကို  ဗျူဟာ(၁)၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စောကျော်ညွှန့်က တာဝန်ယူထားကြောင်းသိရသည်။

အလားတူပင် အထွေထွေ အတွင်းရေးမှူး အဖြစ် ကွယ်လွန်သွားသည့် ဗိုလ်ချုပ်ကြီး၏ သမီးဖြစ်သူ ဗိုလ်ချုပ် နော်ပေါ်ကထူး ကပဲ နဂို မူလတာဝန်ကိုယူထားကြောင်းသိရသည်။

အသက် ၆၂နှစ်အရွယ် ဥက္ကဋ္ဌ အသစ် ဗိုလ်ချုပ်ကြီး စောထော့လေး သည် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ တပ်သားရွာဇာတိဖြစ်ပြီး ဆယ်ကျော်သက်အရွယ်ကတည်းက KNU ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သော ကရင်တော်လှန်ရေး တွင် ပါဝင်ခဲ့သည်။ KNU မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်သည့် ကွယ်လွန်သူ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဌေးမောင် ဦးဆောင်သော KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ၌တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မဟာ(၇)၏ တိုက်ခိုက်ရေးကောင်းပြီး ဗိုလ်ချုပ်ကြီး စောဌေးမောင်၏ အားကိုးရသည့် ယုံကြည်ရသူတစ်ဦးဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ ဆီမှာ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲရှိခဲ့တယ်ဆိုပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ရပ်တည်ချက်အဲဒါတွေကတော့တစ်စုံတစ်ရာအပြောင်းအလဲရှိမှာမဟုတ်ပါဘူး။ယခင်NCAလမ်းကြောင်းအတိုင်း ယခင်ငြိမ်းချမ်းရေးကောင်စီရဲ့ လမ်းကြောင်းအတိုင်း ရပ်တည်ချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာပါ။ ပြောင်းလဲမှာမဟုတ်ဘူး။” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်ကပြောသည်။

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ)၏ ဗဟိုကော်မတီနှင့် တပ်မှူး၊ တပ်ဗိုလ်များအစည်းအဝေးကို မေလ ၂၅ရက်နှင့် ၂၆ရက်တွင် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၏ ဗဟိုဌာနချုပ်၊ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင် ထို့ကော်ကိုး(ဝေနော်တယာ)မြို့နယ်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင်လစ်လပ်နေသောဥက္ကဋ္ဌနေရာအတွက်ခေါင်းဆောင်ရွေးချယ်တင်မြှောက်ခြင်း၊ဆက်စပ်နေသည့်လစ်လပ်နေရာများအတွက်ရွေးချယ်တင်မြှောက်ခြင်း၊လက်ရှိဆောင်ရွက်နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ၊ ဗျူဟာမှူးများ၊ အဖွဲ့ဝင်များ စုစုပေါင်း ၄၆ဦးတက်ရောက်ခဲ့ပြီး အများသဘောတူညီချက်ဖြင့် တာဝန်အသစ်များပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူး စောမူးအယ်ဝါး ကလည်း “လစ်လပ်ရာထူးတွေရွေးချယ်တယ်။ လုပ်ငန်းတွေအစီရင်ခံတာတွေရှိတယ်။ ဆွေးနွေးတယ်၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အခင်းအကျင်းတွေဆွေးနွေးတယ်။ နောက်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေဆွေးနွေးတယ်။” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးစောဌေးမောင်(ခ)စောထိန်မောင်သည်KNUတပ်မဟာ(၇)တပ်မဟာဗျူဟာမှူးအဖြစ်တာဝန်ထမ်းဆောင်နေစဉ်၂၀၀၇ခုနှစ်တွင်ယခင်နအဖအစိုးရ(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ )နှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး KNU/ KNLA ငြိမ်းချမ်းရေးကောင်စီကို သီးခြားဖွဲ့စည်းခဲ့သည်။

၂၀၁၂ခုနှစ်တွင် ဒုတိယအကြိမ်ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လက်ခံခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ နှင့် အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ဖွဲ့ အကြား သဘောတူလက်မှတ်ကို နေပြည်တော်တွင်ရေးထိုးခဲ့သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly