ဆယ်စုနှစ်များစွာ အစာမစား၊ ရေမသောက်ဘဲ နေလာခဲ့သည့် အိန္ဒိယအဘိုးအို အသက် ၉၀ နှစ်တွင် ကွယ်လွန်

ဆယ်စုနှစ်များစွာ အစာမစား၊ ရေမသောက်ဘဲ နေလာခဲ့သည့် အိန္ဒိယအဘိုးအို အသက် ၉၀ နှစ်တွင် ကွယ်လွန်

မေ၂၇

ဆယ်စုနှစ်များစွာကြာ အစာမစား၊ ရေမသောက်ဘဲ နေလာခဲ့သည် ဆိုသော အသက် ၉၀ နှစ်အရွယ် အိန္ဒိယ ယောဂနည်းပြဆရာ အဘိုးအို တစ်ဦးသည် မေလ ၂၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ၎င်း၏ အိမ်နီးချင်းတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

အစာမစား၊ ရေမသောက်ဘဲ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာသည် ဆိုသော အဆိုပါ အဘိုးအိုကို ကိုးကွယ် ဆည်းကပ်သူ အစုအဖွဲ့တစ်ခုလည်း ရှိခဲ့သကဲ့သို့ ဆရာဝန်များကလည်း ၎င်းအဘိုးအိုအပေါ် သံသယဖြစ်မှုတို့လည်း ရှိခဲ့သည်ဟု သိရသည်။

ဟိန္ဒူ နတ်သမီးများ၏ ဝတ်ဆင်မှုပုံစံဖြင့် နှာခေါင်းကွင်းတစ်ခုဆွဲထားပြီး  အနီရောင် ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် ဆံပင်ရှည်၊ မုတ်ဆိတ်မွေးတို့ ရှိခဲ့သော အဘိုးအို Prahlad Jani ၏ ဇာတိသည် ဂူဂျာရတ် ပြည်နယ် Charada ကျေးရွာ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အဆိုရွာတွင် ယောဂကျင့်စဉ် ကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပုံမှန်လုပ်ဆောင်ပြီး နေထိုင်ခဲ့သည်ဟု သိရသည်။

၎င်းသည် ၁၉၂၉ ခုနှစ် သြဂုတ်လတွင် မွေးဖွားသည်ဟု ဆိုသည့်အတွက် ၎င်း၏ အသက်သည် ၉၀ နှစ် ရှိမည်ဖြစ်သည်။

“အင်္ဂါနေ့ မနက်ကပဲ ကွယ်လွန်သွားတာပါ၊ အသက်အရွယ် ကြီးရင့်မှုကြောင့်ပဲ ကွယ်လွန်ခဲ့တာပါ” ဟု အဘိုးအို Jani ၏ ဘေးချင်းကပ် နေအိမ်တွင် နေထိုင်သည့် Sheetal Chaudhary က ပြောသည်။

“သူ့ကို ညတွင်းချင်း ဆေးရုံပို့ခဲ့ပါသေးတယ်၊ ဒါပေမယ့် ဆေးရုံရောက်တော့ သူ အသက်မရှိတော့ဘူးလို့ ဆရာဝန်တွေက ပြောခဲ့တာပါ” ဟု ၎င်းက ပြောသည်။

Jani ၏ အလောင်းကို ဂူဘုရားကျောင်းများဖြင့် နာမည်ကျော်သည့် Ambaji မြို့သို့ သယ်ဆောင်သွားခဲ့သည်ဟု သိရသည်။ Jani သည် ယင်းမြို့တွင် ဟိန္ဒူဘာသာဝင်တို့၏ တရားကျင့်ရာ နေရာတစ်ခုကိုလည်း တည်ဆောက်ထားခဲ့သည်ဟု သိရသည်။

“သူ့အလောင်းကို နောက် နှစ်ရက်လောက် ထားပါဦးမယ်၊ လူတွေ သူ့ကို နောက်ဆုံးအနေနဲ့ ဂါရဝပြုနိုင်အောင်ပါ” ဟု Chaudhary က ပြောသည်။

Jani ကလေးဘဝအရွယ်တွင် နတ်သမီးတစ်ပါးက ၎င်းအား စောင်မကြည့်ရှုပေးခဲ့သည့်အတွက် အာဟာရသိဒ္ဒိပြီးနေခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။ ယင်းအတွက်ကြောင့်လည်း Jani ကို ဆည်းကပ်သူ တချို့ ရှိခဲ့ပြီး တစ်ဘက်တွင်လည်း ဆေးပညာဆိုင်ရာ ပညာရှင်များ ၏ သံသယဝင်ခြင်းကို ခံခဲ့ရသည်။

၎င်းသည် တွင်းတစ်တွင်းထဲကနေ သက်စောင့်ဆေး (ပြဒါးရှင်လုံး) ကို ရခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ၎င်းအနေဖြင့် အစာမစား၊ ရေမသောက်ဘဲ နေနိုင်ခြင်း ဖြစ်ကြောင်း Jani က ၂၀၀၃ ခုနှစ်တွင် အေအက်ဖ်ပီကို ပြောခဲ့သည်။

Jani ၏ ပြောကြားချက်များနှင့်ပတ်သက်၍ မှန်ကန်ကြောင်း အတည်ပြုနိုင်သည့် နည်းလမ်းမရှိခဲ့ပေ။ သို့သော် လူတစ်ဦးတစ်ယောက်သည် အစာမစား၊ ရေမသောက်ဘဲ၊ ကိုယ်တွင်းအင်္ဂါ မပျက်စီးဘဲ အချိန်ကာလကြာကြီးအထိ နေနိုင်မည်မဟုတ်ဟု ဆရာဝန်များက ပြောခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ Jani ၏ ပြောကြားချက်များသည် အိန္ဒိယ ဆေးပညာအသိုင်းအဝိုင်း၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။

၂၀၁၀ ခုနှစ်က အိန္ဒိယစစ်ဘက် ဆရာဝန်အဖွဲ့တစ်ဖွဲ့သည် Jani အား ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့ရှိ ဆေးရုံတစ်ရုံ၌ နှစ်ပတ်ကြာ လေ့လာမှုတစ်ရပ် လုပ်ဆောင်ခဲ့သည်။

Jani ကို ကင်မရာများ၊ စီစီတီဗွီများဖြင့် စောင့်ကြည့်ခဲ့ကြသည်။ ယင်းနောက် ဆရာဝန်များ၏ ၎င်း၏ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ၊ ဦးနှောက်နှင့် သွေးကြောများကို စကင်ဖတ်ခဲ့ကြပြီး ၎င်း၏ နှလုံး၊ အဆုတ်နှင့် မှတ်ဉာဏ်စွမ်းအားတို့ကို စမ်းသပ်မှုများလုပ်ဆောင်ခဲ့သည်။

ယင်း လေ့လာမှုကာလအတွင်း Jani သည်  အစာမစား၊ ရေမသောက်ခဲ့သလို အိမ်သာကိုပင် မသွားခဲ့ဟု ဆရာဝန်များက ပြောသည်။ ၎င်းသည် ပလုတ်ကျင်းခြင်းနှင့် ရေချိုးသည့် အချိန်အခိုက်အတန့်များတွင်သာ ရေနှင့် ထိတွေ့ခဲ့သည်ဟု သိရသည်။

“သူ ဘယ်လို အသက်ရှင်နေသလဲ ကျွန်တော်တို့လည်း မသိသေးပါဘူး၊ ဒီလို ဖြစ်စဉ်ကတော့ တကယ် ဆန်းပြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ” ဟု ဦးနှောက်နှင့် အာရုံကြော ပါရဂူ  Sudhir Shah က ယင်းလေ့လာမှုပြုလုပ်ပြီး နောက်ပိုင်း သတင်းထောက်များကို ပြောသွားခဲ့သည်။

အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းက စီစဉ်လုပ်ဆောင်ခဲ့သည့် အဆိုပါလေ့လာချက်၏ ရလဒ်များကို ယင်းနောက်ပိုင်း မည်သည့်အခါမှ ထုတ်ပြန်ခြင်း မရှိခဲ့သလို ပညာရှင်းအချင်းချင်း သုံးသပ်အကဲ ဖြတ်မှုအတွက်လည်း တင်သွင်းခဲ့ခြင်း မရှိဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly