တာလီဘန်အကျဉ်းသား ၂၀၀၀ လွှတ်ပေးရန် အာဖဂန်သမ္မတဂါနီ စီစဉ်

တာလီဘန်အကျဉ်းသား ၂၀၀၀ လွှတ်ပေးရန် အာဖဂန်သမ္မတဂါနီ စီစဉ်

ကဘူးလ်၊ မေ ၂၅

အာဖဂန်နစ္စတန်နိုင်ငံ၌ ဥပုသ်ကာလအပြီး Eid ပွဲတော်အချိန်အခါတွင် တာလီဘန်စစ်သွေးကြွများက အပစ်အခတ်ရပ်စဲရေးအဆိုပြုပြီးနောက် သမ္မတ အက်ရှ်ရက်ဖ် ဂါနီ (Ashraf Ghani) ကချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် တာလီဘန်အကျဉ်းသား ၂၀၀၀ အားလွှတ်ပေးရန် တနင်္ဂနွေနေ့က လုပ်ငန်းစဉ်တစ်ရပ်စတင်ခဲ့သည်။

မွတ်စလင်တို့၏ ရာမန်ဒန်ဥပုသ်လကုန်ဆုံးသည့်အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့ကစတင်ကျင်းပခဲ့သော Eid al-Fitr ပွဲတော်သုံးရက်အတွင်း အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်ကို လက်ခံပြီးနောက် အစိုးရအနေဖြင့် တာလီဘန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု သမ္မတဂါနီ က ပြောသည်။

အကျဉ်းသားများကိုလွှတ်ပေးရန် ဆုံးဖြတ်ချက်သည် ချစ်ကြည်ရေး ပြယုဂ်တစ်ခုဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်စေရန် ထို့သို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဂါနီ၏ ပြောရေးဆိုခွင့်ရှိသူ Sediq Sediqqi က Twitter တွင်ပြောကြားခဲ့သည်။ တာလီဘန်အကျဉ်းသားများကိုလွှတ်ပေးရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်မည်ဟု ဂါနီက တနင်္ဂနွေနေ့အစောပိုင်းကပြောကြားခဲ့သည်။

ဖေဖော်ဝါရီလကလက်မှတ်ရေးထိုးခဲ့သော အမေရိကန် - တာလီဘန်သဘောတူညီချက်အရ အာဖဂန်အစိုးရအနေဖြင့် တာလီဘန်အကျဉ်းသား ၅၀၀၀ ကိုလွှတ်ပေးမည်ဖြစ်ပြီး သောင်းကျန်းသူများက အာဖဂန်လုံခြုံရေးအင် အား ၁၀၀၀ ခန့်ကို လွှတ်ပေးမည်ဟုဖော်ပြထားသည်။ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်သည် အစိုးရနှင့်တာလီဘန်တို့အကြား ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသောငြိမ်းချမ်းရေးဆွေးနွေးပွဲများမတိုင်မီ ယုံကြည်မှုတည် ဆောက်ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

တနင်္ဂနွေနေ့ကြေငြာခြင်း မထုတ်ပြန်မီက ကဘူးလ်သည် တာလီဘန်အကျဉ်းသား ၁ ၀၀၀ ခန့်ကိုလွှတ်ပေးခဲ့ပြီး သောင်းကျန်းသူများကလည်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀၀ ခန့်ကိုလွှတ်ပေးခဲ့ပြီးဖြစ်သည်။

ဒိုဟာတွင်အမေရိကန်နှင့်သဘောတူထားသည့်အတိုင်း တာလီဘန်များက ၎င်းတို့၏အဖွဲ့ဝင် ၅၀၀၀ ကို လွှတ်ပေးရန်ကဘူးလ်အား သတိပေးခဲ့သည်။

အာဖဂန်နစ္စတန်အတွင်း စေ့စပ်ညှိနှိုင်းမှုများကိုလုပ်ဆောင်ရာတွင် အတားအဆီးများကိုဖယ်ရှားနိုင်ရန်အလို့ငှာ ဤလုပ်ငန်းစဉ်ကိုအပြီးသတ်လုပ်ဆောင်သင့်သည် ဟု တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Suhail Shaheen က တွစ်တာတွင် ရေးသားခဲ့သည်။

ဂါနီကလည်း အစိုးရကိုယ်စားလှယ်အဖွဲ့သည် တာလီဘန်သူပုန်များနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ချက်ချင်းစတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂါနီနှင့် ပြိုင်ဘက်ဟောင်း အဗ္ဗဒူလာတို့သည် ပြီးခဲ့သည့်သီတင်းပတ်က အာဏာခွဲဝေရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး အစိုးရညှိနှိုင်းသူများကို အဗ္ဗဒူလာက ဦးဆောင်မည်ဖြစ်သည်။

တာလီဘန်များသည် ဂါနီအစိုးရကို အကြိမ်ကြိမ်လှောင်ပြောင်ခဲ့ကြပြီး၎င်းတို့ကို နိုင်ငံခြားအင်အားကြီးနိုင်ငံများ၏ ထိန်းချုပ်ခံရုပ်သေးရုပ်များဟုရည်ညွှန်းပြောဆိုကာ အကြိမ်ကြိမ်လှောင်ပြောင်ခဲ့သည်။

တာလီဘန်ခေါင်းဆောင် Haibatullah Akhundzada က နိုင်ငံတွင်း ၁၈ နှစ်ကျော်ကြာ တပ်စွဲလာသော ညွန့်ပေါင်းတပ်ဖွဲ့များဆုတ်ခွါရေးအတွက် အမေရိကန်နှင့် သဘောတူညီချက်မှရရှိသောအခွင့်အရေးကို  အလဟဿမ ဖြစ်စေလိုဟု အမေရိကန်အားတိုက်တွန်းပြီးနောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad က အပစ်အခတ်ရပ်စဲရေးသည် လက်လွှတ်မခံသင့်သောအရေးကြီးသည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း တွစ်တာတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အပစ်အခတ်ရပ်စဲရေးကိုကြိုဆိုကြောင်းနှင့် လွှတ်လိုက်သောအကျဉ်းသားများကို စစ်မြေပြင်တွင် ပြန်လည်တာဝန်မထမ်းဆောင်စေရေးဆိုသည့် ကတိကိုလိုက်နာမည်ဟု မျှော်လင့်ကြောင်းနှင့် Eid ပွဲတော်အပြီးတွင် အကြမ်းဖက်မှု အရှိန်မြှင့်ခြင်းကို ရှောင်ရှားရန် နှစ်ဘက်စလုံးအား တိုက်တွန်းခဲ့သည်။

ဒေါ်နယ်ထရမ့်အစိုးရသည် အမေရိကန်၏အရှည်ကြာဆုံးစစ်ပွဲကိုအဆုံးသတ်ရန် ဦးစားပေးလုပ်ဆောင်ခဲ့ပြီး အာဖဂန်ရှိ ညွန့်ပေါင်းတပ်ဖွဲ့များကို ရုပ်သိမ်းရန်အတွက် အမေရိကန်အရာရှိများသည် တာလီဘန်များနှင့် အစိုးရခေါင်းဆောင်များအား ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် တွန်းအားပေးလျက်ရှိသည်။

လေ့လာသုံးသပ်သူများ၏အဆိုအရ တာလီဘန်သည် အမေရိကန်နှင့်သဘောတူညီမှုကြောင့် အတင့်ရဲစွာလုပ်ဆောင်လာခဲ့ပြီး သဘောတူညီချက်လက်မှတ်ရေးထိုးပြီးကတည်းက တိုက်ခိုက်မှုပေါင်း ၃၈၀၀ ကျော်ကို လုပ်ဆောင်ခဲ့ကာ အရပ်သား ၄၂၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ  ၉၀၆ ဦး ရှိသည်ဟု အာဖဂန်အစိုးရက ထုတ်ပြန်ခဲ့သည်။

သောင်းကျန်းသူများသည် ညွန့်ပေါင်းတပ်ဖွဲ့များအား မတိုက်ခိုက်ခြင်းဖြင့် ညှိနှိုင်းမှုကို ထိန်းသိမ်းထားသည်ဟု Khalizad ခံယူထားခဲ့သည်။ ကဘူးလ်မြို့ သားဖွားဆေးရုံ အသေခံဗုံးခွဲမှု၌ မိခင်နှင့် မွေးကင်းစကလေးများ အပါအဝင် လူဒါဇင်ပေါင်းများစွာသေဆုံးမှုအပြီး Khalizad က ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ တာလီဘန်များက ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ခဲ့သော်လည်း သမ္မတဂါနီက အကြမ်းဖက်မှုအတွက် တာလီဘန်နှင့် အစ္စလာမ်မစ်အစိုးရအဖွဲ့ကို အပြစ်တင်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေးကြေငြာပြီးနောက် စစ်ဒဏ်သင့်နေသော ကဘူးလ်ဒေသခံများက စိတ်သက်ရာရကြေင်းထုတ်ဖော်ပြောကြားခဲ့ကြသည်။

၂၀၀၁ ခုနှစ်တွင် အမေရိကန်တို့ အာဖဂန်နစ္စတန်ကိုကျူးကျော်ဝင်ရောက်ချိန်မှစ၍ အခြားအပစ်အခတ်ရပ်စဲရေးတခုသာရှိခဲ့သည်။ ၂၀၁၈ ခုနှစ် Eid ပွဲတော်၌ တာလီဘန်နှင့်ကဘူးလ်တို့အကြား သုံးရက်ကြာ ယာယီအပစ်အခတ်ရပ်စဲခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲရေးကို ဂါနီဘက်မှစတင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly