ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကြောင့် Oxfam ရုံးခွဲအချို့ပိတ်၍ ဝန်ထမ်း ၁၅၀၀ ခန့်လျှော့မည်

ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကြောင့် Oxfam ရုံးခွဲအချို့ပိတ်၍ ဝန်ထမ်း ၁၅၀၀ ခန့်လျှော့မည်

မေ ၂၁

Oxfam နိုင်ငံတကာပရဟိတအဖွဲ့အစည်းသည် နှစ်ပေါင်း ၅၀ ကြာ အခြေစိုက်လုပ်ကိုင်ခဲ့သည့် အာဖဂန်နစ္စတန်အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် လုပ်ငန်းများရပ်ဆိုင်း၍ ဝန်ထမ်းပေါင်း ၁၅၀၀ ခန့်ကို အလုပ်ရပ်နားတော့မည်ဖြစ်သည်။ အေဂျင်စီ၏ရန်ပုံငွေမှာလည်း ကပ်ရောဂါဂယက်ကြောင့် ထိခိုက်ခဲ့သည်။

ဟေတီနိုင်ငံတွင်ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံကြောင့် ယူကေမှ လှူဒါန်းငွေ ထည့်ဝင်မှု ကျဆင်းလျက်ရှိသည်။  ဥရောပနိုင်ငံများရှိ တစ်ပတ်လျှင် ပေါင် ၅ သန်းထိရသည့် Oxfam ပရဟိတဆိုင်များကို အားကိုးနေရကာ တခြားမှရရှိသည့် ရင်းမြစ်ဘဏ္ဍာငွေများမှာလည်း ခန်းခြောက်နေပြီဖြစ်သည်။

Oxfam ဩစတြေးလျသည် ယခုလအစောပိုင်းတွင် လစာဖြတ်တောက်မှုများပြုလုပ်ခဲ့ပြီး Oxfam GB အတွက် ယူကေ၏ ထောက်ပံ့ငွေဖြတ်တောက်မှုကိုလည်း တွေ့မြင်ခဲ့ပြီးဖြစ်သည်။ Oxfam သည် လက်ရှိ နိုင်ငံပေါင်း ၆၆ နိုင်ငံတွင် အသင်းအဖွဲ့ ၂၂ ဖွဲ့နှင့် ပေါင်းစည်းလုပ်ကိုင်နေခြင်းဖြစ်သည်။

လာမည့်ရက်သတ္တပတ်များအတွင်း Oxfam Oxford ရုံးချုပ်အပါအဝင် ဝန်ထမ်းဦးရေးလျှော့ချသွား မည်ဟု အတွင်းလူများ၏ သတင်းစကားအရသိရသည်။ ထိုသို့ အလုပ်အကိုင်လျှော့ချမှုကြောင့် ပရိုဂရမ်ဝန်ထမ်း ၅၀၀၀ နီးပါးအနက် ၁၄၅၀ ခန့်နှင့် မိတ်ဖက်အဖွဲ့အစည်းဝန်ထမ်း ၁၉၀၀ အနက်မှ ၇၀၀ ခန့်တို့ကို သက်ရောက်လိမ့်မည်ဟု Oxfam အဖွဲ့က ပြောသည်။

"အကူအညီလိုအပ်နေတဲ့သူတွေနဲ့ လူ့အသိုင်းအဝိုင်းတွေရဲ့ ဘဝတိုးတက်အောင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လာမယ့်လတွေမှာလည်း ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်သွားမှာပါ။ ကပ်ရောဂါရဲ့ ရေရှည်အကျိုးသက်ရောက်မှု ကင်းစင်သွားတဲ့အခါ အခုလို အဖွဲ့အစည်းအပြောင်းအလဲလုပ်တာတွေက အခြေခံအုတ်မြစ်ဖြစ်လာမှာပါ” လို့ Oxfam အဖွဲ့ရဲ့ ယာယီအမှုဆောင်ဒါရိုက်တာ Chema Vera က ပြောသည်။

ထိုင်း၊ အာဖဂန်နစ္စတန်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ တာဂျစ္စတန်၊ ဟေတီ၊ ဒိုမီနီကန်၊ ကျူးဘား၊ ပါရာဂွေး၊ အီဂျစ်၊ တန်ဇန်နီးယား၊ ဆူဒန်၊ ဘူရွန်ဒီ၊ ရဝမ်ဒါ၊ ဆီရာလီယွန်၊ ဘီနင် ၊ လိုက်ဘေးရီးယားနှင့် မောရီတေးနီးဘား စသည့်နိုင်ငံများရှိ ရုံးခွဲများကို ပိတ်ပစ်တော့မည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဘဏ္ဍာငွေအကျပ်အတည်းဖြစ်ခဲ့ပြီး ယူကေ၊ ဘယ်လ်ဂျီယံနှင့် ဂျာမနီရှိ Oxfam ပရဟိတဆိုင်များကိုပိတ်ခဲ့ရပြီး ရန်ပုံငွေမြှင့်တင်ရေးပွဲများလည်း ပျက်ပြယ်ခဲ့သည်။

လွန်ခဲ့သည့် ၁၀ စုနှစ်က ဟေတီငလျင်ကယ်ဆယ်ရေးကာလအတွင်း ဝန်ထမ်းများကို လိင်ပျော်ပါးမှုအတွက် ငွေကြေးထောက်ပံ့များပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ပြီးကတည်းက Oxfam သည် အကျပ်အတည်းများနှင့်ရင်ဆိုင်ခဲ့ရသည်။ အရွယ်မရောက်သူများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများဖြင့်လည်း စွပ်စွဲခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly