ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အမိန့်ညွန်ကြားချက်များကို ဖီဆန်ခဲ့သည့် မြန်မာနိုင်ငံမှ တရားဟောဆရာ ထောင် ၃ နှစ် ကျခံရမည့် အရေးနှင့် ရင်ဆိုင်နေရ

ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အမိန့်ညွန်ကြားချက်များကို ဖီဆန်ခဲ့သည့် မြန်မာနိုင်ငံမှ တရားဟောဆရာ ထောင် ၃ နှစ် ကျခံရမည့် အရေးနှင့် ရင်ဆိုင်နေရ

မေ ၂၀

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးဆိုင်ရာ မြန်မာအစိုးရ၏ အမိန့်ညွန်ကြားချက်များကို မလိုက်နာဘဲ လူစုလူဝေး ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရှိ ခရစ်ယာန် တရားဟောဆရာတစ်ဦး ယခုအခါ အမှုဖွင့်ခံထားရပြီး ထောင်ဒဏ် သုံးနှစ်ကျခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

မြန်မာပြည်ဖွား ကနေဒါနိုင်ငံသား ခံယူထားသူ တရားဟောဆရာ ဒေးဗစ်လား သည် ဘုရားကျောင်း တက်လာသူများကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရနိုင်ဟု ဟောပြောခဲ့ပြီးနောက် ၎င်းကိုယ်တိုင် COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရသူ ဖြစ်သည်။

မတ်လ ၁၃ ရက်တွင် ပိတ်ပင်ချက်တစ်ရပ် ပြဌာန်းခဲ့ပြီးနောက်ပိုင်း လူစုဝေးပွဲများကို ဆက်လက်လုပ်ဆောင်ခဲ့မှုအတွက် ဒေးဗစ်လား နှင့် အခြား လူသုံးဦးတို့ အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ခရစ်ယာန် နှိပ်စက်ညှင်းပန်းမှု စောင့်ကြည့်ရေးအဖွဲ့ International Christian Concern က ထုတ်ပြန်သည်။

မတ်လကုန်က ဟောကြားမှုတစ်ခုတွင် ဒေးဗစ်လားက “ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကြားတယ်ဆိုရင် အဲဒီ ဗိုင်းရပ်စ်က သင့်တို့ဆီကို လုံးဝ မကပ်စေရဘူး၊ ယေရှုနာမနဲ့ ကျွနု်ပ် ကြေညာတယ်” ဆိုပြီး ၎င်း၏ နောက်လိုက်များကို ပြောခဲ့သည်။

ယင်းနောက် သီတင်းပတ် အနည်းငယ်အကြာတွင် တရားဟောဆရာ ဒေးဗစ်လားနှင့် နာမည်ကြီးအဆိုတော် မျိုးကြီး အပါအဝင် လူ ၂၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်။

ယင်းနောက်ပိုင်း ဒေးဗစ်လားသည် COVID-19 ကြောင့် ဆေးရုံတက်နေခဲ့ရသည့်အတွက် အာဏာပိုင်များက ၎င်းအား ချက်ချင်း ဖမ်းဆီးခဲ့ခြင်း မရှိပေ။ ၎င်းသည် မေလ ၁၉ ရက်အထိ ဟိုတယ်တွင် ကွာရန်တင်း (သီးခြား စောင့်ကြည့်မှု) ဝင်ခဲ့ရပြီး ယင်းနောက်မှသာ ဥပဒေဆိုင်ရာ အရေးယူမှုကို ဆက်လက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါ တာဝန်ရှိသူများကလည်း ဒေးဗစ်လားနှင့် ဆက်သွယ်နေပြီး ၎င်းအား ကောင်စစ်ဝန်ရုံးဆိုင်ရာ ဝန်ဆောင်မှုများ ကမ်းလှမ်းပေးနေကြောင်း သိရသည်။ ၎င်းသည် မေလကုန်အတွက် ပြောင်းရွှေ့မှုဆိုင်ရာ စာရင်းတွင် ပါဝင်နေသည်ဟု သိရသည်။ တချိန်တည်းမှာပင် ၎င်းအနေဖြင့် ပြစ်ဒဏ် လျှော့ပေါ့မှု ရရှိနိုင်ကြောင်း ICC ၏ မြန်မာကိုယ်စားလှယ်က ပြောသည်။

“ဒေးဗစ်လားရဲ့ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ ခရစ်ယာန်အများအပြားဟာ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်၊ ဗုဒ္ဓဘာသာဝင် အများစု နိုင်ငံမှာ သူတို့အပေါ် ရန်လိုစိတ်တွေ ဖြစ်စေခဲ့ပါတယ်” ဟု ICC က ပြောသည်။

“ဆိုရှယ်မီဒီယာမှာ ခရစ်ယာန် ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်ခဲ့တာနဲ့အတူ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေကတော့  စည်းလုံးညီညွတ်စွာနဲ့ ချစ်ခြင်းမေတ္တာတွေထားပြီး COVID-19 ကို အတူတကွ တိုက်ဖျက်ကြဖို့ ပြည်သူတွေကို ပန်ကြားခဲ့ပါတယ်၊ နောက်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာ သတင်းတု၊ ဓာတ်ပုံအတု၊ ဗီဒီယိုအတုတွေကိုလည်း မတင်ကြဖို့၊ ဝေမျှခြင်း မလုပ်ကြဖို့ ပြည်သူတွေကို သူတို့ တိုက်တွန်းခဲ့ပါတယ်”ဟု ICC က ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required