ကာကွယ်ဆေးမလိုဘဲ ဆေးဝါးသစ်တစ်မျိုးက COVID-19 ကပ်ရောဂါကို တားဆီးနိုင်လိမ့်မည်ဟု တရုတ် သိပ္ပံပညာရှင်များ ယုံကြည်

ကာကွယ်ဆေးမလိုဘဲ ဆေးဝါးသစ်တစ်မျိုးက COVID-19 ကပ်ရောဂါကို တားဆီးနိုင်လိမ့်မည်ဟု တရုတ် သိပ္ပံပညာရှင်များ ယုံကြည်

မေ ၂၀

COVID-19 ကုသဆေးဝါးတစ်မျိုးကို တရုတ် ဓာတ်ခွဲခန်းတစ်ခုတွင် စမ်းသပ်ထုတ်လုပ်နေပြီး ယင်းဆေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တားဆီးနိုင်မည့် အစွမ်းသတ္တိ ရှိလိမ့်မည်ဟု တရုတ် သိပ္ပံပညာရှင်များက ယုံကြည်နေကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုသည် ယမန်နှစ်ကုန်ပိုင်းက တရုတ်တွင် ပထမဆုံး စတင်ပေါ်ပေါက်ခဲ့ပြီး ယင်းနောက် ကမ္ဘာတစ်ဝန်း ဆက်လက်ကူးစက်ပျံ့နှံ့သွားခဲ့ကာ ယခုအခါ ယင်းရောဂါအတွက် ကုသမှုနည်းလမ်းများနှင့် ကာကွယ်ဆေးများကို နိုင်ငံတကာတွင် ကြိုးပမ်း ရှာဖွေနေကြသည်။

တရုတ်တွင် ဂုဏ်သတင်းကြီးမားသော Peking တက္ကသိုလ်ရှိ သိပ္ပံပညာရှင်များ စမ်းသပ်နေသော ဆေးဝါးတစ်မျိုးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာများ၏ ပြန်လည် နာလန်ထူလာသည့် အချိန်ကို မြန်ဆန်စေနိုင်ရုံသာမက ဗိုင်းရပ်စ်ကို ခုခံနိုင်မည့် ရေတို ခံနိုင်အားတစ်ခုကိုပါ ရရှိစေနိုင်သည်ဟု သုတေသီများက ပြောသည်။

တက္ကသိုလ်၏ ပေကျင်း အဆင့်မြင့် မျိုးရိုးဗီဇ တီထွင်ဆန်းသစ်မှု စင်တာ၏ ညွန်ကြားရေးမှူး Sunney Xie က ယခု ဆေးသည် တိရစ္ဆာန်များနှင့် စမ်းသပ်သည့် အဆင့်တွင် အောင်မြင်မှု ရရှိထားကြောင်း အေအက်ဖ်ပီကို ပြောခဲ့သည်။

“ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကြွက်တွေမှာ ကြားနေ ပဋိပစ္စည်းတွေကို ကျွန်တော်တို့ ထိုးသွင်းခဲ့ချိန်မှာ ငါးရက်ကြာပြီးနောက် ပိုးကောင်ရေ ပမာဏက ၂၅၀၀ လောက် လျော့ကျသွားခဲ့ပါတယ်” ဟု Xie က ပြောသည်။

“ဒါကြောင့် ဒီ အလားအလာရှိ ဆေးက ကုသနိုင်မှုဆိုင်ရာ အကျိုးသက်ရောက်မှုတစ်ခု ရှိနေတာကို ပြသနေပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းဆေးသည် ဆဲလ်များကို ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် လူသား ကိုယ်ခံအားစနစ်က ထုတ်လုပ်ပေးသော ကြားနေ ပဋိပစ္စည်းများကို အသုံးပြုသည်။ Xie ၏ အဖွဲ့သည် ယင်း ပဋိပစ္စည်းများကို ရောဂါကနေ ပြန်နာလန်ထူလာသည့် လူနာ ၆၀ ဦး၏ သွေးများကနေ သီးသန့်ခွဲထုတ်ယူထားခြင်း ဖြစ်သည်။

၎င်းတို့အဖွဲ့၏ သုတေသနနှင့်ပတ်သက်သည့် လေ့လာချက်ကို ပြီးခဲ့သည့် မေလ ၁၇ ရက်က  သိပ္ပံဆိုင်ရာ ဂျာနယ် Cell တွင် ဖော်ပြခဲ့သည်။ ယင်း လေ့လာချက်အရ ပဋိပစ္စည်းများသည် ရောဂါကို ကုသနိုင်မည့် အလားအလာတစ်ခုကို ဖြစ်ပေါ်စေပြီး ပြန်လည် နာလန်ထူသည့် အချိန်ကိုလည်း တိုတောင်းမြန်ဆန်စေနိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။

၎င်းတို့အဖွဲ့အနေဖြင့် ပဋိပစ္စည်း ရှာဖွေရန် နေ့ရောညပါ အလုပ်လုပ်နေခဲ့သည်ဟု Xie က ပြောသည်။

“ကျွန်တော်တို့ ကျွမ်းကျင်ပိုင်နိုင်တာက ရောဂါပြီး ပညာ ဒါမှမဟုတ် ရောဂါပိုးမွှားဗေဒ တို့ထက်စာရင် ဆဲလ်တစ်ခုတည်းနဲ့ မျိုးဗီဇပညာ ဖြစ်ပါတယ်၊ ဆဲလ်တစ်ခုတည်း မျိုးဗီဇ ချဉ်းကပ်မှု နည်းလမ်းက ကြားနေ ပဋိပစ္စည်းကို ထိထိရောက်ရောက် ရှာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိရှိခဲ့ချိန်မှာ အင်မတန် ဝမ်းမြောက်ခဲ့ရပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိစမ်းသပ်နေသည့် ဆေးသည် ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုရန် အဆင်သင့်ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

“ လူနဲ့ လက်တွေ့စမ်းသပ်မှုကိုလည်း လုပ်သွားဖို့ စီစဉ်နေပါတယ်” ဟု Xie က ပြောသည်။ တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်မှု လျော့ကျခဲ့သည့်အတွက် အစမ်းသပ်ခံသူ နည်းပါးနေခြင်းကြောင့် သြစတြေးလျနှင့် အခြားနိုင်ငံများတွင် စမ်းသပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူဖြင့် စမ်းသပ်မှု အဆင့်တွင် ရောက်နေသော အလားအလာရှိ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ငါးမျိုး တရုတ်တွင် ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်အပတ်က ပြောသည်။

သို့သော် ကာကွယ်ဆေး ထုတ်လုပ်မှုသည် အချိန် ၁၂ လမှ ၁၈ လ အထိ ကြာမြင့်နိုင်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly