နိုင်ငံ့ GDP ၃၀ % ကျော် ကျဆင်းနိုင်သော်လည်း စီးပွားပျက်ကပ်မဖြစ်နိုင်ကြောင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌပြော

နိုင်ငံ့ GDP ၃၀ % ကျော် ကျဆင်းနိုင်သော်လည်း စီးပွားပျက်ကပ်မဖြစ်နိုင်ကြောင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌပြော

မေ ၁၈

အမေရိကန်စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်သော်လည်း  ရေရှည်တွင် စီးပွားပျက်ကပ်ကဲ့သို့ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell က တနင်္ဂနွေနေ့ကထုတ်လွှင့်ခဲ့သည့် CBS သတင်းဌာန၏ “60 Minutes” အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အလုပ်လက်မဲ့လူဦးရေသည် ၁၉၃၀ ပြည့်နှစ်လွန်များကဲ့သို့ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သည်ဟု Powell က ဝန်ခံခဲ့သည်။

အမေရိကန်၏ ငွေကြေးစနစ်စွမ်းအားနှင့် အင်တိုက်အားတိုက် တက်တက်ကြွကြွလုပ်ဆောင်နိုင်စွမ်းနှင့်အတူ လက်ရှိအခက်အခဲသဘောသဘာဝများက ပြန်လည်နာလန်ထူရန် လမ်းပြပေးလိမ့်မည်ဟု Powell က ဆိုသည်။

အလုပ်လက်မဲ့နှုန်းသည် ၂၀ သို့မဟုတ် ၂၅ ရာခိုင်နှုန်း ထိဖြစ်နိုင်မည်လားဟု Scott Pelley ၏မေးမြန်းချက်နှင့်ပတ်သက်၍ Powell က “ အမြင်အမျိုးမျိုး ရှိကြပါတယ်။ အဲဒီကိန်းဂဏန်းက အများဆုံးဖြစ်နိုင်ခြေအတွက် ပြောထားတာပါ။ ဒုတိယအကြိမ် စီးပွားရေးပျက်ကပ်တော့ ဖြစ်လာမယ်မထင်ပါဘူး။ အခြေခံကွဲပြားခြားနားမှုတွေလည်း အများကြီးရှိတယ်” ဟု ပြောသည်။

အမေရိကန်၏စီးပွားရေးသည် ၂၀ သို့မဟုတ် ၃၀ ရာခိုင်နှုန်းကျော်ခန့်  ကျဆင်းမှုသွားနိုင်ကြောင်းနှင့် တတိယသုံးလပတ်တွင် ပြန်လည်တိုးတက်လာနိုင်သည်ဟုလည်း ဖြေကြားခဲ့သည်။

“ တတိယသုံးလပတ်အတွင်းမှာ အပြုသဘောဆောင်တဲ့တိုးတက်မှုရှိလိမ့်မယ်။ ဒုတိယနှစ်ဝက်မှာလည်း တိုးတက်မှုရှိမယ်လို့မျှော်လင့်ပါတယ်။ နှစ်အကုန်မှာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့နေရာကို နောက်ရင်းပြန်သွားမှာမဟုတ်ဘူး” ဟု Powell က ဆိုသည်။

ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများကြောင့် ပြီးခဲ့သည့် နှစ်လအတွင်း အမေရိကန် ၃၆.၅ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး လက်ရှိအလုပ်လက်မဲ့နှုန်း ၁၄.၇ ရာခိုင်နှုန်းရှိကာ ထပ်မံမြင့်တက်ရန် ဦးတည်နေသည်။

Powell က ကမ္ဘာတစ်ဝမ်းမှ အစိုးရများနှင့် ဗဟိုဘဏ်များသည် အင်တိုက်အားတိုက်နှင့် လျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်နေကြောင်း၊ အလွန်သိသာသော စီးပွားရေးအကျပိုင်းသို့ ရောက်လိမ့်မည်ဖြစ်ကြောင်းနှင့် ၁၉၃၀ ပြည့်နှစ်လွန်များထက် ပိုမိုတိုတောင်းသော အကျပိုင်းဖြစ်သင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ဒုတိယသုံးလပတ်အထိ အချက်အလက်များအရ ဂျီဒီပီသည် ၄၂ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း  အတ္တလန္တာဗဟိုဘဏ်က သောကြာနေ့တွင် ခန့်မှန်းခဲ့ပြီး အမေရိကန်ကြုံတွေ့ခဲ့သမျှထဲတွင် အဆိုးဆုံးဖြစ်သည်ဟုဆိုသည်။
စီးပွားရေးပြန်လည်နာလန်ထူရန် ကြာမည့်အချိန်ကိုမူ Powll က မှန်းဆပြောကြားခဲ့ခြင်းမရှိဘဲ နောက်ဆုံးတွင် ဗိုင်းရပ်စ်မဖြစ်ပွားမီ အခြေအနေကို ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး မတွေ့မချင်း အပြည့်အဝနာလန်ထူနိုင်မည်မဟုတ်ဟု ပြောသည်။

“ရေရှည်မှာ အမေရိကန်စီးပွားရေးဟာ ပြန်လည်ကောင်းမွန်လာမှာပါ။ ဖေဖော်ဝါရီလက အခြေအနေမျိုး ပြန်ရောက်မှာပါ။ အဲဒီထက်ကောင်းတဲ့ အခြေအနေတောင် ရောက်သွားနိုင်ပါတယ်။ အများကြီး ယုံကြည်ထားပါတယ်။ သိပ်မကြာတော့ပါဘူး” ဟု Powell က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly