ပြန်လည်စတင်တဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲ ရုပ်သံကြည့်ရှုမှု စံချိန်တင်

ပြန်လည်စတင်တဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲ ရုပ်သံကြည့်ရှုမှု စံချိန်တင်
Photos: EPA

စနေနေ့က ကွင်းပိတ်ပြီး ပြန်လည်စတင်ခဲ့တဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲဟာ ဂျာမနီနိုင်ငံမှာ ရုပ်သံကတဆင့် ကြည့်ရှုသူ ခြောက်သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ရုပ်သံထုတ်လွှင့်တဲ့ Sky အတွက် စံချိန်သစ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်လကြာရပ်နားပြီးနောက် စနေနေ့က ဂျာမန်လိဂ်ပြန်စချိန်မှာတော့ Sky ရုပ်သံလိုင်းဟာ ဂျာမနီမှာ သူ့ရဲ့ အခပေးရုပ်သံလိုင်းတွေပေါ် ကြည့်ရှုသူပေါင်း ၃.၆၈ သန်း ရှိခဲ့ပါတယ်။

ပြည်တွင်းကြည့်ရှုသူ အရေအတွက်ဟာ စနေနေ့ ပွဲစဉ်တွေအတွက် ပုံမှန်ပရိသတ်ထက် နှစ်ဆပိုများတာဖြစ်ပါတယ်။

ဒါ့အပြင် 'Konferenz' ကနေ တစ်ပြိုင်တည်း တိုက်ရိုက်ထုတ်လွှင့်တဲ့ နေ့လည်ပိုင်းပွဲစဉ် ၅ ပွဲကို ကြည့်ရှုသူပေါင်း ၂.၄၅ သန်း ရှိခဲ့ပါတယ်။

ဒေါ့မွန်က ရှော်ကေးအသင်းကို ၄-၀ နဲ့ အနိုင်ရတဲ့ စနေနေ့ရဲ့ အဓိကပွဲစဉ်မှာ ဟာလန်ဟာ မတ်လလယ်က ပြိုင်ပွဲရပ်နားထားပြီးနောက်ပိုင်း ဘွန်ဒစ်လီဂါရဲ့ ပထမဆုံးဂိုးကို သွင်းယူခဲ့ပါတယ်။ ဒေါ့မွန်အသင်းဟာ တနင်္ဂနွေနေ့က ယူနီယံဘာလင်အသင်းကို အဝေးကွင်းမှာ သွားကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေပါတယ်။

ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီပွဲစဉ်တွေကို အရင်က သဘောတူစာချုပ်ထားတဲ့ ကမ္ဘာတစ်ဝှမ်းက ရုပ်သံလိုင်းပေါင်း ၇၀ ကျော်ကနေ ထုတ်လွှင့်ခဲ့တယ်လို့ အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်တွေကို Sky Germany က အခမဲ့ကြည့်ရှုနိုင်တဲ့ အားကစားသတင်းရုပ်သံလိုင်း 'Konferenz' မှာ ထုတ်လွှင့်ခဲ့ပါတယ်။

စနေနေ့ပွဲစဉ်တွေ စတင်ချိန်မှာတော့ Sky Germany ဟာ သူတို့ရဲ့ အခပေးရုပ်သံလိုင်းတွေမှာ စျေးကွက်ရှယ်ယာ ၂၇.၄ ရာခိုင်နှုန်းနဲ့ သူတို့ရဲ့ အခမဲ့ရုပ်သံလိုင်းမှာ ၁၈.၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

အသက် ၁၄-၄၉ နှစ်အရွယ် အုပ်စုရဲ့ စုစုပေါင်းစျေးကွက်ရှယ်ယာဟာ "၆၀ ရာခိုင်နှုန်းကျော်"ရှိတယ်လို့ DWDL.de ဝက်ဘ်ဆိုက်က တနင်္ဂနွေနေ့က ဆိုပါတယ်။

ဂျာမန်အစိုးရဟာ တင်းကြပ်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်ချက်တွေကို အတည်ပြုပြီးနောက် ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ရရှိအပြီးမှာတော့ ဘွန်ဒစ်လီဂါဟာ ဘောလုံးရာသီကို ပြန်လည်စတင်တဲ့ ပထမဆုံးထိပ်တန်းဥရောပလိဂ်ဖြစ်လာပါတယ်။

အီတလီ၊ စပိန်နဲ့ အင်္ဂလန်က လိဂ်ပြိုင်ပွဲတွေဟာ လာမယ့် လမှာ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ရချိန်မှာ ပြင်သစ်လိဂ်ဘောလုံးရာသီကတော့ ဖျက်သိမ်းနှင့်ပြီးဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags