၁၇ ရက်နေ့ မေလ ၂၀၂၀
ကယားပြည်နယ် ရှားတောမြို့နယ် မြောက်ဘက် ဒေါလယ်ခူ ကျေးရွာ အနီးတွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ( ကေအန်ပီပီ ) တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ပစ် ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း ရှားတောမြို့နယ် ကေအန်ပီပီ ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောသည်။
“ကျနော်တို့ ( ကေအန်ပီပီ ) တပ်ချိန်းတော့ လမ်းမကြီး ဖြတ်ကူးနေတဲ့ အချိန်မှာ အစိုးရတပ်က တက်လာတော့ တိုက်ပွဲဖြစ်မှာ စိုးရိမ်ပြီးတော့ ရပ်တန့်သွားအောင် ဆက်မတိုးလာနိုင်အောင် ချိန်းတဲ့ တပ်ကို လွတ်မြောက်အောင် ရည်ရွယ်ချက်နဲ့ ပစ်ခတ်တာ ဖြစ်တယ်” လို့ ၎င်းက မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေ့မှာပဲ နှစ်ဖက် ဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ ခလရ ၅၃၀ တပ်ရင်းမှူး မင်းမြတ် သူကို ရှားတောမြို့နယ် ဆက်ဆံ ရေး တာဝန်ခံ ဦးဘိုးရယ်က သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်ဖက် တပ်များ ထိန်း ထိန်း သိမ်းသိမ်းနေကြဖို့ ညွန်ကြားထားကြောင်း ဆိုသည်။
၂၀၁၉ ခုနှစ်ကလည်း ဒေါလယ်ခူကျေးရွာ အနီးမှာ ရှိတဲ့ KNPP ထိန်းချုပ်နယ်မြေထဲကို အစိုးရစစ်တပ် က အသိမ ပေးဘဲ ဝင်ရောက်လာသည့်အတွက် သတိပေးပစ်ခတ်မှုလုပ်ခဲ့ဖူးသည်ဟု ဆိုသည်။ KNPP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေး ထိုးနိုင်ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်တွင် ညှိနှိုင်းနေ သည့် အဖွဲ့ ဖြစ်သည်။