အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မူးယစ်ဈေးကွက် ပိုမိုကျယ်ပြန့်လာနေဟု UNODC ထုတ်ပြန်

အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မူးယစ်ဈေးကွက် ပိုမိုကျယ်ပြန့်လာနေဟု UNODC ထုတ်ပြန်
ပုံ- ကောင်းခါးပြည်သူ့စစ်အဖွဲ့ ဒေသမှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

ရန်ကုန်၊  မေ ၁၄

အရှေ့နှင့် အရှေ့တောင်အာရှဒေသ နိုင်ငံများတွင် ဓာတုဆေးဝါးများဖြင့် ပြုလုပ်ထားသော မူးယစ်ဆေးဝါး ဈေးကွက် ဆယ်စုနှစ်များအတွင်း ပိုမို ကျယ်ပြန့်လာနေသည်ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)၏ အရှေ့နှင့် အရှေ့တောင်အာရှဒေသများဆိုင်ရာ အစီအရင်ခံစာသစ်တွင် ထုတ်ပြန်၍ သတိပေးထားသည်။

အဆိုပါ ဒေသတွင်း နိုင်ငံများတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်ခြင်း အပါအဝင် ရောင်းချမှုများ များပြားလာခြင်းကြောင့် မီသိုင်းအဖက်တမင်း(ရာမ)ဈေးနှုန်း အနိမ့်ဆုံးသို့ ကျဆင်းလာသည့်အတွက် ရောင်းလိုအား ပိုမိုများပြားလာကြောင်း UNO DC ၏ မေလ ၁၅ ရက်နေ့အတွက် ထုတ်ပြန်မည့် အစီအရင်ခံစာတွင် ဖော်ပြထားသည်။

ထို့နောက် အရှေ့နှင့် အရှေ့တောင်အာရှ ဒေသများတွင် မီသိုင်းအဖတ်တမင်း (ရာမ)နှင့် မူးယစ်ဆေးဝါးများ အပါအဝင် အတ်တစီ (ecstasy)၊ ကတ်တမင်း (ketamine)၊ ဆေးခြောက်နှင့် အာနိသင်တူသော ပစ္စည်းများ (cannabinoids) တို့ အပြင် တခြားသော မူးယစ်ဆေးဝါး အမျိုးအစားများကိုလည်း တွေ့ရှိရကြောင်း UNODC က ဆိုသည်။

UNODC ၏  အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jeremy Douglas က “ကိုဗစ်-၁၉ ကူးစက်ရောဂါကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေချိန်မှာ မူးယစ်ဆေးနဲ့ ဓာတုဆေးဝါးတွေ ထုတ်လုပ်မှုနဲ့ ကုန်ကူးခြင်း လုပ်ငန်းတွေက စံချိန်တင် မြင့်တက်လာနေပါတယ်။ ဖန်တနိုင်း(fentanyl) လို ဆေးဝါးတွေနဲ့ ပိုမိုပြင်းထန်တဲ့ အမျိုးအစား တွေကို ပိုမိုတင်ပို့ဖို့ အလေးထား လာကြပြီး ပြစ်မှုကျူးလွန် နေကြတဲ့သူတွေရဲ့ မူးယစ်ဆေး ဈေးကွက် ချဲ့ထွင်တဲ့ နည်းလမ်းတွေကတော့ ခန့်မှန်းရခက်ခဲနေပါတယ်” ဟု ပြောသည်။

အရှေ့တောင် အာရှဒေသနိုင်ငံများတွင် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မီသိုင်းအဖက်တမင်း (ရာမ) သိမ်းဆည်းရရှိမှု သည် ကမ္ဘာ့တခြားဒေသ နိုင်ငံများတွင် မတွေ့ရသည့် နှုန်းထားဖြင့် နှစ်စဉ် မြင့်တက်လာကြောင်း၊ ၂၀၁၉ ခုနှစ်၌ ဒေသ တွင်း နိုင်ငံများတွင် မီသိုင်းအဖက်တမင်း (ရာမ) ၁၁၅ တန် သိမ်းဆည်း ရရှိခဲ့ကြောင်း၊ ထိုစာရင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လွန်ခဲ့သော ငါးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ တန်ချိန် ၃၀ ဖမ်းဆီးရရှိခဲ့သည့် အချက်အလက်များ မပါဝင်ကြောင်း UNODC အရှေ့နှင့် အရှေ့တောင်အာရှဒေသများတွင် မူးယစ်ဆေးဝါများ - ဖွံ့ဖြိုးတိုးတက်မှုများ နှင့် စိန်ခေါ်မှုများဆိုင်ရာ နောက်ဆုံးအခြေအနေ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီအရင်ခံစာမှာ ဖော်ပြထားသည်။

ရောင်းလိုအားမြင့်လာခြင်းကြောင့် မီသိုင်းအဖက်တမင်း(ရာမ) ဈေးနှုန်းများ ကျဆင်းလာပြီး အရှေ့နှင့် အရှေ့တောင် အာရှဒေသများတွင် လွန်ခဲ့သော ဆယ်စုနှစ်တွင် ဈေးအပေါဆုံး ဖြစ်လာခဲ့ကြောင်း၊ အကျိုးအမြတ်များသည့် ဈေးကွက်များ ဖြစ်သော သြစတေးလျ၊ နယူးဇီလန်နှင့် တောင်ကိုရီးယား နိုင်ငံတို့တွင်လည်း ၂၀၁၉ ခုနှစ်၌ မီသိုင်းအဖက်တမင်း (ရာမ) ဈေးနှုန်းများ နိမ့်ကျလာမှုကို လေ့လာတွေ့ရှိရကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

UNODC ၏ တရားမဝင် မူးယစ်ဆေးဝါးများအား သုံးသပ်စစ်ဆေးရေးမှူး Mr. Inshik Sim က “လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ နှိုင်း ယှဉ် လိုက်ရင် ရာဇဝတ်မှု ကျူးလွန်တဲ့ အဖွဲ့တွေ အနေနဲ့ အရည်အသွေး ပိုကောင်းတဲ့ မီသိုင်းအဖတ်တမင်း (ရာမ)ကို အလွန် သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေတဲ့ အခြေအနေအနေမှာ ရှိနေပြီး ဝယ်ယူမှုကလည်း ပိုမိုမြင့်တက်လာတဲ့အတွက် ဒါဟာ အလွန်အန္တရာယ်များတဲ့ အခြေအနေတစ်ရပ်ပါ” ဟု ပြောသည်။

အရှေ့နှင့် အရှေ့တောင်အာရှ ဒေသများတွင် အန္တရာယ်ဖြစ်စေသော ဓာတုမူးယစ်ဆေးဝါးများ ပုံမှန်မြင့်တက်လာမှုအား တွေ့မြင့်နေရပြီး ၂၀၁၄ ခုနှစ်တွင် တရားမဝင် မူးယစ်ဆေးဝါး အမျိုးအစား သုံးမျိုးသာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၌ အမျိုးအစား ၂၈ မျိုးအထိ များပြားလာခဲ့သည်ဟု UNODC ၏ အစီအရင်ခံစာက ဆိုထားသည်။

ဤဒေသများတွင် တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက် ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်နေသည့် ရွှေတြိဂံဒေသ ကဲ့သို့ အုပ်ချုပ် မှု ပြဿနာများစွာရှိနေသည့် ဒေသများ၌ မူးယစ်ပစ္စည်းများအား ပေါင်းစပ်ခြင်း (သို့မဟုတ်) ဒေသတွင်း ဘိန်းထုတ်လုပ် ဖြန့်ဖြူးခြင်းများကြောင့် အရှေ့တောင်အာရှ ဒေသအနေဖြင့် ကမ္ဘာ့ တခြားဒေသများ၏ မူးယစ်ဆေးဝါး အရင်းအမြစ် နေရာ အဖြစ် ဖြစ်လာနိုင်ကြောင်းလည်း ထိုအစီအရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ မူးယစ်ဆေးဝါး ဈေးကွက် ကျယ်ပြန့်နေမှုနှင့် ရောင်းချမှု များပြားလာခြင်းတို့အပေါ် ထိန်းချုပ်နိုင်ရန်အတွက် UNODC မှ ဒေသတွင်းနိုင်ငံများ၌ မူးယစ်ဆေးဝါး ဈေးကွက် တိုက်ဖျက်ရေးအတွက် ပူးပေါင်ဆောင် ရွက်ခြင်း၊ ပြည်သူ့ ကျန်းမာရေး မဟာဗျူဟာကိစ္စရပ်များတွင် အကြံပေးခြင်းနှင့် နယ်စပ် ပူးပေါင်းစစ်ဆင်ရေးများမှာ ဒေသတွင်းနိုင်ငံများ ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနှင့် တခြား နိုင်ငံများ ပါဝင်သည့် Global Smart အစီအစဉ်နှင့် မဲခေါင် သဘောတူ စာချွန်လွှာတို့ကို ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း အစီအရင်ခံစာမှာ ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာအနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ ငွေကျပ် ၁၆ ဘီလီယံကျော်ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ မော်တော်ယာဉ်များကို တပ်မတော်က ဖော်ထုတ် သိမ်းဆည်းရ မိမှုများ ရှိခဲ့သည်။

အလားတူ ၂ဝ၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂၆ ရက်အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခမ်ကျေးရွာ ဝန်းကျင်၌ ငွေကျပ် ၃၄၅ ဒသမ ၁၅ ဘီလီယံကျော်ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်း များအား လည်းကောင်း၊ တရားမဝင် လက်နက်၊ ခဲယမ်းများအား လည်းကောင်း တပ်မတော်က ဖော်ထုတ်ဖမ်းဆီး ရမိမှုများ လည်းရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly