COVID-19 လူနာအမှတ် ၁၈၁သည် ရုပ်သံအင်တာဗျူးလာရောက်ရိုက်ကူးသူထံမှ တစ်ဆင့် ကူးစက်ခံခဲ့ရ

COVID-19 လူနာအမှတ် ၁၈၁သည် ရုပ်သံအင်တာဗျူးလာရောက်ရိုက်ကူးသူထံမှ တစ်ဆင့် ကူးစက်ခံခဲ့ရ
Photo Credit - Shinethu Hein

မေ ၁၄

COVID-19 ရောဂါကူးစက်ခံရသူ လူနာအမှတ် ၁၈၁သည် ရုပ်သံအင်တာဗျူးလာရောက်ရိုက်ကူးသူထံမှ  တစ်ဆင့် ကူးစက်ခံခဲ့ရကြောင်း သိရသည်။

“သူကတော့ အင်တာဗျူးတစ်ခုမှာ အင်တာဗျူးလုပ်တဲ့ သတင်းထောက်ဆီက ကူးစက်တာလို့ပြောပါတယ်။  အခုကတော့ သူကဝေဘာဂီမှာပါ။ သူ့အိမ်ကိုတော့ Lockdown ချထားပါတယ်။” ဟု အလုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့် ကပြောသည်။

မေလ၁၃ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ လူနာအမှတ် ၁၈၁သည် လူနာအမှတ် ၁၇၉နှင့် ထိတွေ့မှုရှိသူဖြစ်ကြောင်း သိရသည်။

လူနာအမှတ် ၁၇၉ (မီဒီယာလုပ်ငန်းလုပ်ကိုင်သူ)သည်အင်းစိန်မြို့နယ်၊ ခဝဲခြံ၂လမ်းတွင် နေထိုင်သူဖြစ်ပြီး အသက်၂၁နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကာ အင်းစိန်ဘာသာရေးပွဲနှင့် ဆက်စပ်မှုရှိသူ လူနာအမှတ် ၁၇၇ နှင့် ထိတွေ့မှုရာဇဝင်ရှိသူဖြစ်သည်။

လူနာအမှတ် ၁၇၉သည် Hear Myanmar အွန်လိုင်းမီဒီယာမှ အလုပ်သင်သတင်းထောက်တစ်ဦးဖြစ်ပြီး  အဆိုပါသတင်းဌာနမှ ပိုင်ရှင်အပါအဝင် ဝန်ထမ်းစုစုပေါင်း လေးဦးခန့်သည် အသွားအလာကန့်သတ် နေထိုင်ရခြင်း ဖြစ်တဲ့ Quarantine ဝင်နေကာ ဆေးစစ်ချက်အရ ပိုးမတွေ့ရှိ Negative ဖြစ်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ မှ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောသည်။

၎င်းက “ လူနာကတော့ သူနဲ့အဆက်အသွယ်မရသေးဘူး။ အဲဒီ အဖြစ်အပျက်ကိုသိရတာက မချိုလွင်ဦးဆီက သိရတာ၊ Quarantine ဝင်တဲ့ တစ်ယောက်ဆီက သိရတာ၊ သူတို့ကို လောလောဆယ်တော့ တစ်ကြိမ်စစ်ပြီးပြီပြောတယ်’’ဟုဆိုသည်။

Photo Credit - Shinethu Hein

လူနာအမှတ် ၁၈၁သည် ရန်ကုန်တိုင်း၊ အလုံမြို့နယ် ဌာနရပ်ကွက်၊ ဧရာဝတီလမ်းတွင် နေထိုင်သူဖြစ်ပြီး မေလ ၅ရက်ကအမေများနေ့အတွက် ရုပ်သံအင်တာဗျူးလာရောက်ရိုက်ကူးခဲ့သူထံမှ တစ်ဆင့် ကူးစက်ခံခဲ့ရသည်။

မေလ ၁၀ရက် ညပိုင်းက လူနာအမှတ် ၁၇၉ထံတွင် COVID -19 ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပြီးနောက်ပိုင်း မေလ ၁၁ရက်တွင် သူနှင့် အင်တာဗျူးလုပ်ခဲ့သည့် လူနာအမှတ် ၁၈၁ ဖြစ်လာမည့် အသက် ၅၂နှစ်အရွယ် အမျိုးသမီးနှင့် သမီးဖြစ်သူတို့သည်  ကမာရွတ်မြို့နယ် TTC  ရှိ အမရာဆောင် တွင် Quarantine ဝင်ခဲ့ရသည်။

နှာခေါင်းတို့ဖတ်ယူ၍ စစ်ဆေးရာ လူနာအမှတ် ၁၈၁ သည် ရောဂါကူးစက်ခံရကြောင်းအဖြေထွက်ရှိပြီး သမီးဖြစ်သူသည် ရောဂါပိုးကင်းစင်ကြောင်းတွေ့ရှိခဲ့သည်။

မိသားစုဝင် ငါးဦးရှိပြီး လူနာနံပါတ် ၁၈၁၊ သူ၏ သမီး၊ ခင်ပွန်း၊ ညီမနှင့် အမေတို့အတူနေထိုင်ပြီး လူနာအမှတ် ၁၈၁နှင့် သမီးဖြစ်သူတို့သည် ဆေးစစ်ပြီးဖြစ်ကာ ခင်ပွန်းနှင့် ညီမဖြစ်သူကိုလည်း တိုင်းကျန်းမာရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် ဆေးစစ်ရန်နှင့် quarantine ထားရှိရန် အမရာဆောင်သို့ ခေါ်ဆောင်သွားပြီးဖြစ်ကြောင်းသိရသည်။

လူနာအမှတ် ၁၈၁ နေထိုင်ရာ တိုက်အမှတ်( ၇၅)ရှိ အိမ်ထောင်စု ရှစ်စု၊ လူဦးရေ (၃၁)ဦး၊ အခန်း(၁၂)ခန်းရှိ ခြောက်ထပ်တိုက်အား မေလ ၁၃ရက်နေ့ညပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း Lockdown ပြုလုပ်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly