ကိုရိုနာဗိုင်းရပ်စ်ဘေးကြုံနေသည့် ဖိလစ်ပိုင်၌ အားပြင်းတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

ကိုရိုနာဗိုင်းရပ်စ်ဘေးကြုံနေသည့် ဖိလစ်ပိုင်၌ အားပြင်းတိုင်ဖုန်းမုန်တိုင်း တိုက်ခတ်

မေ ၁၄

ဖိလစ်ပိုင်နိုင်ငံဆီ ကြာသပတေးနေ့က အားပြင်းတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း ပြည်သူထောင်ပေါင်းများစွာကို ရွှေ့ပြောင်းပေးနိုင်ရေးအတွက် ရှုပ်ထွေးပြီး ဘေးအန္တရာယ် မကင်းခြင်းများနှင့် ကြုံနေရသည်။

လေပြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းသည့် ဗွန်ဖွန် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ရာ အနီးက ပြည်နယ်တွင် မခိုင်တခိုင် အိမ်များနှင့် ကမ်းခြေဧရိယာများ၌ လူပေါင်း အနည်းဆုံး နှစ်သိန်း နေထိုင်ခြင်း ဖြစ်သည်။

လူဦးရေ ထူထပ်သော မြို့တော် မနီလာအနီးသို့ ရောက်ရှိလာမည် ခန့်မှန်းထားသည့် ယင်း တိုင်ဖုန်းမုန်တိုင်း လမ်းကြောင်း၌ လူသန်းပေါင်းများစွာ နေထိုင်ကြခြင်း ဖြစ်သည်။

မုန်တိုင်းနှင့် ဗိုင်းရပ်စ် ခြိမ်းခြောက်မှု နှစ်ရပ်ကြောင့် ဘေးကင်းရာရွှေ့ပြောင်းရေး စင်တာများအနေဖြင့် ဝင်ဆံ့သည် လူဦးရေ၏ တစ်ဝက်ကိုသာ လက်ခံမည်ဖြစ်ပြီး နှာခေါင်းစည်းများလည်း တပ်ဆင်စေမည် ဖြစ်သည်။

လူများအား ရွှေ့ပြောင်းပေးရခြင်းနှင့် နေရာအကန့်အသတ် ရှိခြင်းများကြောင့် အာဏာပိုင်များသည် ယခုရာသီ၌ ပထမဆုံး ကြုံသည့် ယင်း မုန်တိုင်းမှ ဘေးရှောင်လာသူများကို လက်ခံရန် နယ်မြေအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၄၇ ကျောင်းကို တောင်းဆိုထားသည်။

“ကျွန်တော်တို့တွေ တော်တော်လေး ဘေးကျပ်နံကျပ် ဖြစ်မှာကြောင့် ရွှေ့ပြောင်းနေရာချထားရေးကို တိုးချဲ့နိုင်ဖို့အတွက် ဘုရားကျောင်းတွေကိုပါ အသုံးပြုမှာ ဖြစ်တယ်။”ဟု အယ်ဘေးပြည်နယ်မှ သဘာဝဘေးဌာန အကြီး အကဲ စီဒရစ်ဒက်ပ်က ပြောသည်။

ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၇၂ ဦး ရှိကာ ကူးစက်ဖြစ်ပွားသူ ၁၁၆၁၈ ဦး ရှိသော်လည်း စမ်းသပ်စစ်ဆေးမှုများ အကန့်အသတ် ရှိခြင်းကြောင့် နှုန်းထားက ထိုထက်ပိုများနိုင်သည်ဟု အများစုက ယူဆထားသည်။

ကျွန်းစုနိုင်ငံဖြစ်သော ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်းများ၏ အန္တရာယ်ကို ကြုံရလေ့ ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှ မုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်လေ့ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly