COVID-19 ကာလအတွင်း Apple က ဗီယက်နမ်တွင် AirPods သန်းပေါင်းများစွာ ထုတ်လုပ်မည်

COVID-19 ကာလအတွင်း Apple က ဗီယက်နမ်တွင် AirPods သန်းပေါင်းများစွာ ထုတ်လုပ်မည်

မေ ၁၁

အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple က ယခုသုံးလပတ်ကာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ယင်း၏ နာမည်ကျော် AirPods ကြိုးမဲ့နားကြပ် အရေအတွက်ပေါင်း သန်းပေါင်းများစွာကို ထုတ်လုပ်သွားတော့မည် ဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိရှိနေသည့် သတင်းရင်းမြစ်များက Nikkei Asian Review ကို ပြောသည်။

Apple အနေဖြင့် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း တရုတ်နိုင်ငံ ပြင်ပတွင် ယင်း၏ ထုတ်လုပ်မှုပိုင်း ပြောင်းလဲခွဲထုတ်လုပ်ဆောင်မှုကို အရှိန်မြှင့်လုပ်ဆောင်လာနေသည့် လက္ခဏာရပ်လည်း ဖြစ်သည်။

AirPods ပေါင်း သုံးသန်းကနေ လေးသန်းအထိ သို့မဟုတ် ယခုသုံးလပတ်အတွင်း စုစုပေါင်း AirPods ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်း ဝန်းကျင်သည် ဗီယက်နမ်ထုတ်ပစ္စည်းများ ဖြစ်လာမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ယခုကဲ့သို့ တရုတ်ကနေ ဗီယက်နမ်သို့ နေရာပြောင်းရွှေ့ထုတ်လုပ်မှုထဲတွင် ပြီးခဲ့သည့် အောက်တိုဘာလက Apple မိတ်ဆက်ထားခဲ့သည့် AirPods Pro မပါဝင်သေးကြောင်း သိရသည်။

ယမန်နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ခဲ့သော ထပ်တိုးအခွန်အကောက်များကြောင့် wearable အီလက်ထရောနစ်ပစ္စည်းတချို့အပေါ် ထိခိုက်မှုများ ရှိထားခဲ့သော်ငြား AirPods အမျိုးအစား အများစုကို တရုတ်နိုင်ငံတွင်ပင် ထုတ်လုပ်နေဆဲဖြစ်သည်။ Apple ၏ iPhones နှင့် MacBooks များသည် အခွန်အကောက်များကြောင့် ထိခိုက်ခြင်း မရှိသေးဘဲ ယင်းတို့ကို တရုတ်တွင် အဓိက တပ်ဆင်ထုတ်လုပ်နေလျက် ရှိသည်။

ဗီယက်နမ်တွင် AirPods အများအပြားထုတ်လုပ်မှုကို မတ်လတွင် စတင်ခဲ့ကြောင်း၊ အဓိကကျသည့် Apple AirPods တပ်ဆင်ထုတ်လုပ်သူအတွက် အထူးခွင့်ပြုချက်ပါမစ်ကို ဗီယက်နမ် တာဝန်ရှိသူများဘက်က ထုတ်ပေးထားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Apple ၏ hardware ထုတ်ကုန်အစုအဖွဲ့ထဲတွင် တိုးတက်ကြီးထွားမှု အမြန်ဆန်ဆုံးသော ထုတ်ကုန်တစ်မျိုး ဖြစ်သည့် AirPods များသည် ကမ္ဘာ့ရောင်းအားအကောင်းဆုံး ကြိုးမဲ့ Bluetooth နားကြပ်များ ဖြစ်သည်။ ယင်းတို့သည် ယမန်နှစ်က ကမ္ဘာ့စျေးကွက်၏ ၅၀ ရာခိုင်နှုန်းခန့်အထိ စျေးကွက်ဝေစု ရရှိထားခဲ့ပြီး အရေအတွက်ပေါင်း ၆၅ သန်းဝန်းကျင် ရောင်းချထားခဲ့ရကြောင်း စျေးကွက်သုတေသနကုမ္ပဏီ Counterpoint Research က ဖော်ပြသည်။ ၂၀၂၀ တွင်လည်း AirPods အရေအတွက်ပေါင်း သန်း ၁၀၀ အထိ တိုးမြှင့်ရောင်းချရနိုင်ကြောင်း Counterpoint Research က ခန့်မှန်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly