စည်းလုံးညီညွတ်ကြရန်နှင့် သူတစ်ပါးကို ကူညီထောက်မရန် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း လိုက်နာလုပ်ဆောင်ရန် အရေးကြီးဟု ကုလအတွင်းရေးမှူးချုပ် ပြော

စည်းလုံးညီညွတ်ကြရန်နှင့် သူတစ်ပါးကို ကူညီထောက်မရန် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့်အတိုင်း လိုက်နာလုပ်ဆောင်ရန် အရေးကြီးဟု ကုလအတွင်းရေးမှူးချုပ် ပြော

မေ ၆

COVID-19 ကြောင့် ကမ္ဘာတဝန်း လူသားများ ထိခိုက်ခံစားနေရချိန် လူအချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် သူတစ်ပါးကို ကူညီထောက်မရန် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဟောကြားချက်က ယနေ့အချိန်ကာလတွင် ပိုမို အရေးကြီးကြောင်း၊ နိုင်ငံများအနေဖြင့် အတူတကွ လုပ်ကိုင်မှုသာလျင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ပြီး ပြန်လည် နာလန်ထူလာနိုင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ကဆုန်လပြည့်နေ့ ၎င်း၏ အမှာစကားတွင် ပြောကြားသွားခဲ့သည်။

ယနေ့ မေလ ၆ ရက်တွင် ကျရောက်သည့် ကဆုန်လပြည့်နေ့သည် ဂေါတမ ဗုဒ္ဓ ဖွားမြင်တော်မူရာနေ့ဖြစ်သကဲ့သို့ ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဉာဏ်တော်အမြင်ရသည့်နေ့နှင့် ပရိနိဗ္ဗာန်စံရာနေ့လည်း ဖြစ်သည်။ ယင်းနေ့သည် ကမ္ဘာတဝန်း သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်လည်း ဖြစ်သည်။

“ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်ခြင်း၊ သဗ္ဗညုတဉာဏ်အလင်းရခြင်းနဲ့ ပရိနိဗ္ဗာန်စံခြင်း တို့ကို ကျွန်တော်တို့ ဂုဏ်ပြုရသလိုပဲ ဘုရားရှင်ရဲ့ အဆုံးအမ ဒေသနာတော်အတိုင်း ကျွန်တော်တို့ အားလုံး လိုက်နာဆောင်ရွက်နိုင်ပါတယ်၊ ပြီးတော့ ကိုဗစ်-၁၉ ရဲ့ သက်ရောက်မှုတွေကြောင့် လူသားတွေ ထိခိုက်ခံစားနေရချိန်မှာ ကျွန်တော်တို့ဟာ အဆုံးအမစကားတစ်ခွန်းကို ပြန်အမှတ်ရနိုင်ပါတယ်၊ ဒါကတော့ ‘သက်ရှိအားလုံးဟာ အိုခြင်းနာခြင်းနဲ့ မလွဲမရှောင် ကြုံရမှာဖြစ်တာကြောင့် ငါသည်လည်းပဲ အိုနာရဦးမှာဖြစ်တယ်’ ဆိုတာပဲ ဖြစ်ပါတယ်” ဟု ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကဆုန်လပြည့်နေ့အတွက် ပြောကြားသည့် အမှာစကားထဲတွင် ပြောသွားခဲ့သည်။

စည်းလုံးညီညွတ်ရေးနှင့် သူတစ်ပါးကို ကူညီထောက်မရေး ဗုဒ္ဓဘုရားရှင်၏ ထာဝရ အဆုံးအမဟောကြားချက်က အရာအားလုံးထက် ပို၍ အရေးကြီးသည်ဟုလည်း ဂူတာရက်စ်က ပြောသွားခဲ့သည်။

“ကျွန်တော်တို့အတူတကွ ဝိုင်းဝန်းလုပ်ဆောင်မှသာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ပြီး ပြန်လည် နာလန်ထူကောင်းမွန်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့်နေ့အခမ်းအနားကို ကမ္ဘာတဝန်း ဗုဒ္ဓဘာသာဝင်သန်းပေါင်းများစွာတို့ ကျင်းပကြစဉ်မှာပင် နိုင်ငံအားလုံးကိုလည်း ဗုဒ္ဓဘုရားရှင်၏ ဉာဏ်ပညာအတိုင်း လိုက်နာပြီး အခြားသူများကို စာနာရိုင်းပင်းတတ်မှုနှင့် စည်းလုံးညီညွတ်မှုဖြင့် ကူညီလုပ်ဆောင်ကြရန် ကုလအကြီးအကဲက တိုက်တွန်းသွားသည်။ ထို့ပြင် ငြိမ်းချမ်းသော ကမ္ဘာတစ်ခု တည်ဆောက်ရေး ကတိကဝတ်တစ်ခု ထပ်လောင်း ပြောဆိုရန် ၎င်းက တိုက်တွန်းသွားခဲ့သည်။

ကဆုန်လပြည့်နေ့သည် ကမ္ဘာတဝန်း သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ဘီစီ ၆၂၃ တွင် ဖွားမြင်တော်မူခဲ့သည်။ ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင်သည် သဗ္ဗညုတဉာဏ်အလင်းရခဲ့ပြီး သက်တော် ၈၀ အရွယ်တွင် ပရိနိဗ္ဗာန်စံခဲ့သည်။

ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး ဘာသာများအနက် တစ်ခုဖြစ်သည့် ဗုဒ္ဓဘာသာက နှစ်ပေါင်း ၂၅၀၀ ကျော်အတွင်း ထည့်ဝင်ဆောင်ရွက်ခဲ့မှုနှင့် လူလောက၏ ယုံကြည်သက်ဝင်မှုဘာသာအယူဝါဒကို ဆက်လက်ဖြစ်ပေါ်စေခဲ့ခြင်းကို လက်ခံအသိအမှတ်ပြုသည့်အနေဖြင့် ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ် အသိအမှတ်ပြုကြောင်း ဖော်ပြထားသည့် ဆုံးဖြတ်ချက်တစ်ခုကို ၁၉၉၉ ခုနှစ်တွင် ကုလအထွေထွေညီလာခံတွင် ပြဌာန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly