ဓာတ်ခွဲခန်း၌ ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်သည့် ပဋိပစ္စည်းတစ်မျိုးကို သိပ္ပံပညာရှင်များ ဖန်တီး

ဓာတ်ခွဲခန်း၌ ကိုရိုနာဗိုင်းရပ်စ်ကို သတ်နိုင်သည့် ပဋိပစ္စည်းတစ်မျိုးကို သိပ္ပံပညာရှင်များ ဖန်တီး

မေ ၆

ဓာတ်ခွဲခန်းတွင် ကိုရိုနာဗိုင်းရပ်စ်သစ်ကို အနိုင်ယူသတ်ပစ်နိုင်သည့် မိုနိုကလိုနယ် ပဋိပစ္စည်းတစ်မျိုးကို သိပ္ပံပညာရှင်တို့ ဖန်တီးခဲ့ကြောင်း သိရသည်။ ယင်းသည် COVID-19 ကပ်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် ကုသနည်းများ ရှာဖွေရန် အားထုတ်မှုများတွင် အစပိုင်းအဆင့်ဖြစ်သော်လည်း အလားအလာကောင်းသော အဆင့်တစ်ဆင့်ဖြစ်ကြောင်း သိရသည်။

စမ်းသပ် ပဋိပစ္စည်းသည် ဆဲလ် မွေးမြူမှုများတွင် ဗိုင်းရပ်စ်ကို အစွမ်းပျက်ပြယ်သွားစေခဲ့သည်ဟု သိရသည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်သုတေသနပြုလုပ်ခြင်းနှင့် လူသားများဖြင့် စမ်းသပ်ခြင်းတို့မတိုင်မီ ယင်းသည် ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းစဉ်အတွင်း ကနဦးအဆင့်တစ်ခုသာ ဖြစ်နေသော်လည်း အဆိုပါ ပဋိပစ္စည်းသည် ယင်းတစ်ခုတည်းဖြင့် ဖြစ်စေ သို့မဟုတ် ဆေးဝါးပေါင်းစပ်အရောတစ်ခုဖြင့် ဖြစ်စေ အနာဂတ်ကာလတွင် COVID-19 နှင့် ဆက်စပ်ရောဂါများကို ကာကွယ်၊ ကုသရာတွင် အကူအညီဖြစ်စေနိုင်ကြောင်း Nature Communications ဂျာနယ်တွင် မေလ ၄ ရက်က ထုတ်ပြန်ဖော်ပြခဲ့သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ယခု လေ့လာတွေ့ရှိချက်များသည် ဆေးဘက်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုတစ်ခုတွင် အတည်ပြုသွားနိုင်မည်လား ဆိုသည်နှင့် အဆိုပါ ပဋိပစ္စည်းက ဗိုင်းရပ်စ်ကို မည်သို့မည်ပုံ အနုစိတ်စွာ သတ်ပစ်နိုင်သလဲ ဆိုသည်ကို သိရရန်အတွက် သုတေသနများ ထပ်မံလုပ်ဆောင်ရန် လိုအပ်နေကြောင်း နယ်သာလန်ရှိ Utrecht တက္ကသိုလ်မှ ပညာရှင် Berend-Jan Bosch နှင့် လုပ်ဖော်ကိုင်ဘက်များက စာတမ်းထဲတွင် ရေးထားသည်။

ကိုရိုနာဗိုင်းရပ်စ်သစ်ကို သရဖူ ကဲ့သို့ ပုံစံမျိုး ဖြစ်စေပြီး ယင်းကို လူသားဆဲလ်များထဲ ဝင်ခွင့်ပြုသည့် spike ပရိုတိန်းကို 47D11 ဟု သိကြသော ပဋိပစ္စည်းက ပစ်မှတ်ထားတိုက်ခိုက်သည်ဟု သိရသည်။ Utrecht ၏ စမ်းသပ်မှုများတွင် ယင်းသည် COVID-19 ကို ဖြစ်စေသော ဗိုင်းရပ်စ်ကို အနိုင်ယူရုံသာမက SARS ရောဂါကို ဖြစ်စေသည့် အလားတူ spike ပရိုတိန်းများပါ ညီနောင်ဗိုင်းရပ်စ်ကိုပါ အနိုင်ယူသတ်နိုင်သည်ဟု သိရသည်။

မိုနိုကလိုနယ် ပဋိပစ္စည်းများ (monoclonal antibodies) များသည် ဓာတ်ခွဲခန်းတွင် ဖန်တီးထားသည့် ပရိုတိန်းများဖြစ်ပြီး ယင်းတို့သည် ဘတ်တီးရီးယားများနှင့် ဗိုင်းရပ်စ်များကို တိုက်ထုတ်တွန်းလှန်ရန် ခန္ဓာကိုယ်က သဘာဝအလျောက် ဖြစ်ပေါ်စေသည့် ဗားရှင်များနှင့် အလားသဏ္ဍာန်တူညီသည်။ ထိရောက်နိုင်စွမ်း မြင့်မားပြီး ယင်းတို့သည် ဗိုင်းရပ်စ်တစ်ခုပေါ်တွင် တည်နေရာတစ်ခုတည်းကို အတိအကျ ပစ်မှတ်ထားသည်။ ယခု ကိစ္စတွင် သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်များ၏ spike ပရိုတိန်းများအတွက် မတူညီသော ပဋိပစ္စည်းများကို ထုတ်လုပ်ရန် မျိုးရိုးဗီဇအရ ဖန်တီးပြုပြင်ထားသည့် ကြွက်များကို အသုံးပြုခဲ့သည်။ နောက်ဆက်တွဲ လေ့လာစမ်းစစ်မှု လုပ်ငန်းစဉ်တစ်ခုတွင် 47D11 သည် အစွမ်းလျော့ပါးပျက်ပြယ်သွားစေနိုင်သည့် လုပ်ဆောင်နိုင်မှုကို ပြသခဲ့သည်။ ယင်းနောက် သုတေသီများသည် အဆိုပါ ပဋိပစ္စည်းကို အပြည့်အဝ လူသားဗားရှင်းတစ်ခုအဖြစ် ဖန်တီးရန် ဖွဲ့စည်းပုံ ပုံစံ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်။

“ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင် ပရိုတိန်းတွေပေါ်က ခုခံနိုင်စွမ်း အားနည်းတဲ့ နေရာတွေကို ပစ်မှတ်ထားနိုင်တဲ့ မိုနိုကလိုနယ် ပဋိပစ္စည်းတွေကိုတော့ ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်မယ့်  အလားအလာကောင်းတဲ့ ဆေးဝါးအမျိုးအစားတစ်ခုအဖြစ် ပိုပြီး အသိအမှတ်ပြုမှုတွေ ရှိနေပါတယ်၊ နောက်ပြီး ဒါက ဗိုင်းရပ်စ် အများအပြားအတွက် ကုထုံးဆိုင်ရာ ထိရောက်မှုကိုလည်း ပြသနေပါတယ်” ဟု Bosch နှင့် လုပ်ဖော်ကိုင်ဘက်များက ရေးသားခဲ့သည်။

မိုနိုကလိုနယ် ပဋိပစ္စည်းများသည် ကင်ဆာနှင့်ပတ်သက်၍လည်း ကုသမှုပိုင်းတွင် လုံးလုံးလျားလျား ပြောင်းလဲမှုတစ်ခုကိုပါ ဖြစ်ပေါ်ထားစေခဲ့ပြီးဖြစ်ရာ Merck & Co. ကုမ္ပဏီ၏ Keytruda နှင့် Roche Holding AG ၏ Herceptin ကဲ့သို့သော ဆေးများသည် ကမ္ဘာ့ ရောင်းအားအကောင်းဆုံး ဆေးများဖြစ်လာခဲ့သည်။ AbbVie INc ၏ Humira ဆေးသည်လည်း မိုနိုကလိုနယ် ပဋိပစ္စည်း မျိုးနွယ်ဝင် အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ယင်းကဲ့သို့သော ပဋိပစ္စည်း ကုထုံးနှစ်မျိုးကလည်း အီဘိုလာရောဂါတိုက်ဖျက်ရာတွင်လည်း အလားအလာကောင်းတစ်ရပ်ကို ပြသထားသည်။ Regeneron Pharmaceuticals Inc ကဲ့သို့သော ကုမ္ပဏီများသည်လည်း ယခုအခါ ကိုရိုနာဗိုင်းရပ်စ်အတွက် ဖြစ်နိုင်ဖွယ် ပဋိပစ္စည်း ကုသမှုနည်းလမ်းများနှင့်ပတ်သက်၍ လုပ်ဆောင်နေလျက် ရှိသည်။
Scientists Create Antibody That Defeats Coronavirus in Lab

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly