ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြောက်ပိုင်းသုံးဖွဲ့က (၅) ကြိမ်မြောက်အဖြစ် အပစ်ရပ်သက်တမ်းတိုး

ကိုဗစ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် မြောက်ပိုင်းသုံးဖွဲ့က (၅) ကြိမ်မြောက်အဖြစ် အပစ်ရပ်သက်တမ်းတိုး

ရန်ကုန်၊ မေ ၃

ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်နိုင်ရေးနှင့် တိုက်ပွဲများလျော့ချနိုင်ရန်အတွက် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က (၅) ကြိမ်မြောက်အဖြစ်တစ်ဖက်သတ် အပစ်ရပ်စဲခြင်းကို မေလ ၃ ရက်တွင် ကြေညာလိုက်သည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တွင် တပ်မတော်နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် ရခိုင်တပ် (AA) အပါအဝင် ကိုးကန့်တပ် (MNDAA)၊ တအောင်းတပ် (TNLA) တို့ပါဝင်နေသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်တည်ငြိမ်ရေးနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်စဲခြင်းကို ၂၀၂၀ ခုနှစ် မေလ ၃ ရက်နေ့မှ ၃၁ ရက်နေ့အထိဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းသို့တစ်ဖက်သတ်အပစ်ရပ်စဲကာလ ထပ်မံတိုးမြှင့်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ “ တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ကရှိတယ်။ ဒေသမှာလည်း တိုက်ပွဲကဖြစ်နေတယ်ဆိုရင် ပြည်သူလူထုပိုပြီး ဒုက္ခရောက်တယ်။ အထိတ်တလန့်ဖြစ်စေတယ်ဆိုပြီးတော့မှ ထုတ်ပြန်တာဖြစ်တယ်” ဟု တအောင်းတပ် (TNLA) မှဗိုလ်မှူ းတာအိုက်ကျော်က ပြောသည်။

ထို့ပြင် “ တိုက်ပွဲဖြစ်ရင် သူတို့လည်းထွက်ပြေးမှာပဲ။ ဆိုတော့ လူတွေရောနှောမသွားအောင်တတ်နိုင်သလောက်ရှောင်တယ်။ ထိုးစစ်ကတော့ လျော့မသွားဘူး ” ဟု ဗိုလ်မှူ းတာအိုက်ကျော်က ဆက်လက်ပြောကြားသည်။

လတ်တလောတွင်လည်း TNLA ထိန်းချုပ်ဒေသတွင် ကိုဗစ် -၁၉ သံသယလူနာမတွေ့ရသေးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို အင်အား ၁၀၀ မှ ၃၀၀ ကြား အသုံးပြုဆောင်ရွက်နေကြောင်း ၄င်းကဆိုသည်။

ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ရေးအတွက် TNLA အနေဖြင့်လည်း ကြိုးစားဆောင်ရွက်နေပြီး ရပ်ရွာပြင်ပနှင့် တိုင်းပြည်ပြင်ပတွင် သွား ရောက်အလုပ်လုပ်ကိုင်ပြီး ပြန်လာသူများကို စနစ်တကျ Quarantine ထားရှိကြောင်းလည်း ၄င်းကဆိုသည်။

လက်ရှိတွင် တိုက်ပွဲအခြေအနေများမှာ ငြိမ်သက်နေပြီး ဧပြီလထဲတွင်သာ ကျောက်မဲနှင့် မိုးမိတ်ကြား နှစ် ကြိမ်ခန့် ၁၅ မိနစ်လောက် ထိတွေ့မှုသာရှိခဲ့ကြောင်းဆိုသည်။

သို့သော် ကိုဗစ်ကာလတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ရပ်တန့်နေပြီး တရုတ်ဘက်မှလည်း ယခုအချိန်တွင် ကြားဝင်စေ့စပ်ပေးခြင်းမျိုးမရှိသေးကြောင်းသိရသည်။

ထို့ကြောင့် နှစ်ဖက်ယုံကြည်မှုများ ပျက်ပြားလျက်ရှိပြီး ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း နောက်ဆုတ်နေကာ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးမှာ ဆက်လက်တောက်လောင်မည့်အအလားအလာမျိုးရှိနေကြောင်းလည်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ တပ်မတော်နှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်တပ် (AA) သို့ဆက်သွယ်လိုသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ်အစိုးရမှ ကြေညာထားခြင်းကြောင့် မေးမြန်းနိုင်ခြင်းမရှိပေ။

၄င်းထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိလာပါက မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ခုခံသောအနေဖြင့် တုံ့ပြန်သွားမည်ဟုလည်း ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly