ပြင်သစ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုက တရုတ်ကနေ တိုက်ရိုက်လာခဲ့ခြင်း မဟုတ်ဟု လေ့လာချက်တစ်ခုက ဖော်ပြ

ပြင်သစ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုက တရုတ်ကနေ တိုက်ရိုက်လာခဲ့ခြင်း မဟုတ်ဟု လေ့လာချက်တစ်ခုက ဖော်ပြ

မေ ၁

ပြင်သစ်နိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှုက တရုတ် သို့မဟုတ် အီတလီမှ ရောက်လာသည့် ကူးစက်မှုဖြစ်စဉ်များကြောင့် မဟုတ်ဘဲ ပြည်တွင်း၌ ပျံ့နှံ့နေခဲ့သည့် မူလဇာစ်မြစ် အမျိုးအမည်မသိရသော ဗိုင်းရပ်စ်မျိုးစိတ်တစ်ခုကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ပြင်သစ်သိပ္ပံပညာရှင်များ လုပ်ဆောင်ခဲ့သည့် မျိုးရိုးဗီဇဆိုင်ရာ လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

“ပြင်သစ်နိုင်ငံရှိ SARS-Cov2 နှင့်ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် ကနဦး ပျံ့နှံ့ခဲ့မှု” ဟု ခေါင်းစဉ်တပ်ထားသော လေ့လာချက်တစ်ခုကို ကူးစက်ရောဂါ တိုက်ဖျက်ရေးပိုင်းတွင် ရှေ့တန်းကနေလုပ်ဆောင်နေသည့် သုတေသနစင်တာတစ်ခုဖြစ်သော ပါရီအခြေစိုက် Pasteur Institute မှ သုတေသီများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်း သုတေသနလေ့လာချက်ကို ဧပြီ ၂၄ ရက်က biorxiv.org တွင် ထုတ်ပြန်ခဲ့သည်။

သုတေသီများသည် ဇန်နဝါရီ ၂၄ ရက်နှင့် မတ်လ ၂၄ ရက်အကြား ပြင်သစ်တွင် ဖြစ်ပွားခဲ့သည့် ကူးစက်ခံရသူများထံမှ စုဆောင်းရယူခဲ့သော နမူနာများမှ genome (မျိုးရိုးဗီဇပစ္စည်း) ၉၇ ခု၏ အစီအစဉ်တည်ရှိနေမှုကို လေ့လာခဲ့သည်။ ယင်းသို့ လေ့လာခဲ့ရာတွင် နိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု၏ အဓိကဖြစ်သည့် ဗိုင်းရပ်စ်မျိုးစိတ်သည် clade (မျိုးနွယ်) G သို့မဟုတ် မျိုးဗီဇအုပ်စုတစ်စုနှင့် ဆက်နွယ်ပတ်သက်နေသည်ကို လေ့လာတွေ့ရှိခဲ့ပြီး အဆိုပါ မျိုးဗီဇအုပ်စုက တရုတ် သို့မဟုတ် အီတလီကနေ ရောက်လာခြင်းမဟုတ်ဟု သိရသည်။

“အခြား ဥရောပ နိုင်ငံအများအပြားအတွက် စောင့်ကြည့်လေ့လာခဲ့တာတွေနဲ့ မတူတာက ပြင်သစ်မှာ ဖြစ်ပွားတဲ့ ကူးစက်မှုဟာ အဓိကအားဖြင့် ဒီ မျိုးနွယ်ရဲ့ မျိုးကွဲ တစ်ခု ဒါမှမဟုတ် မျိုးကွဲတချို့ကြောင့် မျိုးပွားခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါ လေ့လာချက်က အဆိုပြုထားသည်။ ပိုမို စေ့စပ်သေချာသည့် နမူနာယူမှုကို လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ယင်းလေ့လာချက်တွင် ပြောထားသည်။

အလားတူ ပြင်သစ်တွင် ကနဦးပိုင်း ပြည်ပကနေ ဝင်လာသည့် ကူးစက်မှုဖြစ်စဉ်များသည်လည်း ပြည်တွင်း ကူးစက်ပျံ့နှံ့မှုကို ဦးတည်စေခဲ့ခြင်း မရှိကြောင်း ယင်းလေ့လာချက်တွင် ညွန်ပြခဲ့ရာ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးရန် ပြင်သစ်အာဏာပိုင်တို့ လုပ်ဆောင်ခဲ့သော အစီအမံများ၏ ထိရောက်မှုကို မီးမောင်းထိုးပြသနေခဲ့သည်။

ပြင်သစ်နိုင်ငံသည် ယင်း၏ အထူးတိကျသော COVID-19 စောင့်ကြည့်မှု ကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်တွင် တရုတ်နိုင်ငံ ဟူပေပြည်နယ်ကနေ တိုက်ရိုက်ဝင်လာသည့် ဥရောပတွင် ပထမဆုံးသော ကူးစက်မှုဖြစ်စဉ် သုံးခုကို ခွဲခြားဖော်ထုတ်ခဲ့သည်။ အစိုးရအနေဖြင့် လူနာများ၏ အနီးကပ် ထိတွေ့ပတ်သက်သူများကို မြန်မြန်ဆန်ဆန် ထောက်လှမ်းဖော်ထုတ်ခဲ့ပြီး ဗိုင်းရပ်စ် နောက်ထပ်ပျံ့နှံ့မှု မရှိစေရေး ကာကွယ်ခဲ့သည်။

ဒီလို ကနဦးပိုင်း စတင်ကျင့်သုံးမှုတွေက ပြည်တွင်းကူးစက်မှုကို ဖြစ်စေခဲ့တဲ့ ပုံ မပေါ်ခဲ့ပါဘူး၊ ပြင်သစ်မှာ ကနဦး ကိုဗစ်-၁၉ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ချမှတ်ခဲ့တဲ့ ရောဂါခြေချုပ်လုပ်ဆောင်မှုတွေက ပြည်တွင်း ကူးစက်မှုကို တားဆီးနိုင်ခဲ့ပုံရပါတယ်” ဟု ယင်းလေ့လာချက်က ညွန်ပြပြောဆိုခဲ့သည်။

“တချိန်တည်းမှာလည်းပဲ ကျွန်တော်တို့ရဲ့ မျိုးဗီဇဆိုင်ရာ ဒေတာတွေအရ နောက်ပိုင်းကာလ ပြင်သစ်ရဲ့ ဒေသ အများအပြားမှာ အဓိက ပိုးမျိုးနွယ်တစ်ခု အဓိက ပျံ့နှံ့မှုကို ပြသနေသလို ကိုဗစ်-၁၉ ဖြစ်ပွားမှုလှိုင်းမတိုင်မီ အထောက်အထားမဲ့ ကူးစက်မှုတွေမှာ ဗိုင်းရပ်စ်ရဲ့ ပြည်တွင်းမှာ ပျံ့နှံမှုကို ညွန်ပြနေလျက် ရှိပါတယ်” ဟု ယင်းလေ့လာချက်တွင် ပြောထားသည်။

ပြင်သစ် clade (မျိုးနွယ်) ၏ အစောဆုံး ကိုယ်စားလှယ်များအနက် တစ်ခုကို ဖေဖော်ဝါရီ ၁၉ ရက်က လူနာတစ်ဦးထံကနေ နမူနာရယူခဲ့ခြင်းဖြစ်သည်။ အဆိုပါလူနာသည် ခရီးသွားရာဇဝင်မရှိသလို ပြည်ပကနေ ပြန်လာသူများနှင့်လည်းအဆက်အသွယ်မရှိသူ ဖြစ်သည်။  လူနာသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ကွယ်လွန်ခဲ့ပြီး ယင်းနောက် ပြင်သစ်တွင် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုလှိုင်းတစ်လှိုင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“Clade (မျိုးနွယ်) ဂျီ ရဲ့ အစောဆုံး ကိုယ်စားလှယ်တွေမှာ ခရီးသွားရာဇဝင် မရှိသလို ပြည်ပကနေ ပြန်လာသူတွေနဲ့လည်း ပတ်သက်မှုမရှိတာကို ထောက်ရှုကြည့်ပြီးပြောရမယ်ဆိုရင် ဗိုင်းရပ်စ်ဟာ ပြင်သစ်မှာ ဖေဖော်ဝါရီလကတည်းက တိတ်တဆိတ် ပျံ့နှံ့နေခဲ့တယ်လို့ ကျွန်တော်တို့ ကောက်ချက်ချနိုင်ပါတယ်၊ အခြားဥရောပနိုင်ငံတွေမှာ စောင့်ကြည့်ခဲ့မှုတွေနဲ့အတူ မပြင်းထန်တဲ့ ဒါမှမဟုတ် ရောဂါလက္ခဏာရပ်မပြတဲ့ ရောဂါ အချိုးအစား ကြီးမားမှုနဲ့လည်း လိုက်ဖက်နေတဲ့ ဖြစ်နိုင်ခြေ တစ်ခု ဖြစ်ပါတယ်” ဟု လေ့လာချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly