ကိုရိုနာဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှ ပေါက်ဖွားလာခြင်းလားဆိုသည်ကို အမေရိကန် ထောက်လှမ်းရေး စုံစမ်းစစ်ဆေးနေ

ကိုရိုနာဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှ ပေါက်ဖွားလာခြင်းလားဆိုသည်ကို အမေရိကန် ထောက်လှမ်းရေး စုံစမ်းစစ်ဆေးနေ

တစ်ကမ္ဘာလုံးကို ထိခိုက်ပျက်စီးမှု ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့ ဓာတ်ခွဲခန်းတွင် မတော်တဆမှု ကြုံရာမှ စတင် ကူးစက်ပျံ့နှံ့သွားခြင်းလားဆိုသည်ကို အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းက စုံစမ်းစစ်ဆေးလျက် ရှိသည် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက ကြာသပတေးနေ့တွင် ပထမဆုံး အတည်ပြုထုတ်ပြန်သည်။

“အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝန်း တစ်ရပ်လုံးဟာ တရုတ်ကနေ အစပြုတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်နေသူတွေနဲ့ အမေရိကန်မူဝါဒ ချမှတ်သူတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက် ရှိပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ လူလုပ် ဗိုင်းရပ်စ်လည်း မဟုတ်သလို ပြုပြင်ထားတဲ့ ဗိုင်းရပ်စ်လည်း မဟုတ်ဘူးလို့ ထောက်လှမ်းရေးအသိုင်းအဝိုင်းက တစ်ဘောတည်း ရှိနေပါတယ်။”ဟု အမျိုးသားထောက်လှမ်းရေး ယာယီညွှန်ကြားရေးမှူး ရစ်ချက်ဂရန်နဲလ်က ထုတ်ပြန်ချက်၌ ဆိုသည်။

“ကပ်ဘေးကာလအတွင်းမှာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတဲ့ ကိစ္စရပ်မှန်သမျှအပေါ် ထောက်လှမ်းရေး အသိုင်းအဝိုင်းအနေနဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်မှန်သမျှကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဟာ ကူးစက်ထားတဲ့ တိရစ္ဆာန်တွေကို ထိတွေ့မိရာက စတင်တာလားဆိုတာရယ်၊ ဝူဟန်ဓာတ်ခွဲခန်းမှာ မတော်တဆမှု ဖြစ်ပြီး ပျံ့နှံ့သွားတာလားဆိုတာရယ်အပေါ် ထောက်လှမ်းစုံစမ်းလျက် ရှိနေပါတယ်။”ဟု ယင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှ ယိုစိမ့်ပျံ့နှံ့သွားခြင်း ဖြစ်ဖွယ်ရှိသည်ဆိုသော ယုံကြည်မှုများ တိုးမြင့်လာကြောင်း ယခုလအစောပိုင်း၌ Fox News က ပထမဆုံး သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် ယင်းဗိုင်းရပ်စ်ကို ဇီဝလက်နက်အဖြစ် မဟုတ်သော်လည်း ဗိုင်းရပ်စ်များအား စစ်ဆေးဖော်ထုတ်ခြင်းနှင့် တိုက်ဖျက်ခြင်းတို့တွင် အမေရိကန်နှင့် တန်းတူ သို့မဟုတ် ပို၍ စွမ်းဆောင်နိုင်သည်ဆိုခြင်းကို ပြသရန် အားထုတ်မှုတစ်ရပ် ဖြစ်ပုံရသည်ဟု Fox News က ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly