စမ်းသပ်မှုများအရ ရလဒ်ကောင်းများတွေ့ရှိခဲ့၍ remdesivir ဆေးကို COVID-19 ကုသရာတွင် အသုံးပြုရန် FDA ခွင့်ပြုချက် ထုတ်ပေးဖွယ်ရှိနေ

စမ်းသပ်မှုများအရ ရလဒ်ကောင်းများတွေ့ရှိခဲ့၍ remdesivir ဆေးကို COVID-19 ကုသရာတွင် အသုံးပြုရန် FDA ခွင့်ပြုချက် ထုတ်ပေးဖွယ်ရှိနေ

ဧပြီ ၃၀

ကိုရိုနာဗိုင်းရပ်စ်အတွက် ဖြစ်နိုင်ဖွယ် ကုသမှုနည်းလမ်းတစ်ရပ်နှင့်ပတ်သက်၍ သုတေသီတို့က ဧပြီ ၂၉ ရက်တွင် သတင်းကောင်းတချို့ကို ထုတ်ဖော်သွားခဲ့သည်။ ယင်းမှာ စမ်းသပ်အဆင့် remdesivir ဆေးသည် COVID-19  လူနာများကို ရောဂါကနေ မြန်မြန်ဆန်ဆန် ပြန်လည်သက်သာလာစေရန် အကူအညီဖြစ်စေနိုင်သည့် အထောက်အထားများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အမေရိကန် အစားအစာနှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့အစည်း (FDA) သည် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကုသရန် မည်သည့်ဆေးဝါးကိုမှ အတည်ပြုချက် ထုတ်ပေးထားခြင်း မရှိသေးပေ။ သို့သော် ယင်းသည် remdesivir ဆေးအတွက် အရေးပေါ် အသုံးပြုခွင့် ခွင့်ပြုချက်တစ်ရပ် ထုတ်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်း The New York Times က ဖော်ပြသည်။

လက်ရှိအချိန်တွင် remdesivir ဆေးကို လူနာများ အသုံးပြုနိုင်ရန် လုပ်ဆောင်ရေးနှင့်ပတ်သက်၍ ဆေးထုတ်လုပ်သည့် ကုမ္ပဏီ Gilead Sciences နှင့် ဆွေးနွေးနေသည်ဟု FDA က ပြောကြားခဲ့သည်ဟု သိရသည်။

“ကိုဗစ်-၁၉ ကုသဖို့ ဖြစ်နိုင်ဖွယ်ကုထုံးတွေ ဖော်ထုတ်ရရှိနိုင်မှုအပိုင်းကို အရှိန်သွက်စေဖို့ အက်ဖ်ဒီအေ ဘက်က ရည်မှန်းလုပ်ဆောင်နေပါတယ်၊ ဒီတော့ ရမ်ဒီစီဗီယာ ဆေးကို တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် လူနာတွေ အသုံးပြုလို့ရနိုင်စေဖို့ အေဂျင်စီအနေနဲ့ ဆေးကုမ္ပဏီ ဂီလိဒ် ဆိုင်းယန့်စ်နဲ့ ဆွေးနွေးနေပါတယ်” ဟု FDA ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ် ဖယ်လ်ဘာဘောင်က ပြောသည်။

အမေရိကန်အစိုးရက ငွေကြေးပံ့ပိုးပေးသည့် လေ့လာချက်တစ်ခုတွင် အဆိုပါ remdesivir ဆေးနှင့် စမ်းသပ်ကုသခဲ့သည့် လူနာများသည် ဆေးစမ်းသပ်ကုသခဲ့ခြင်းမရှိသည့် လူနာများထက် ပိုမို မြန်မြန်ဆန်ဆန် ပြန်လည် သက်သာခဲ့သည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။

အမေရိကန်နိုင်ငံ၏ ကူးစက်ရောဂါနှင့် ဓာတ်မတည့်ရောဂါများဆိုင်ရာ အမျိုးသားအဖွဲ့အစည်း (NIAID) ၏ အကြီးအကဲက ယခု လေ့လာချက်ရလဒ်များအပေါ် အကောင်းမြင်နေလျက် ရှိသည်။

“ဒေတာအထောက်အထားတွေအရ ဒီ ရမ်ဒီစီဗီယာ ဆေးမှာ ကိုဗစ်-၁၉ လူနာတွေရဲ့ ပြန်လည်သက်သာကောင်းမွန်မယ့် ကြာချိန်ကို လျော့ကျစေနိုင်တဲ့ ရှင်းလင်းပြတ်သားတဲ့၊ ထိရောက်တဲ့ အာနိသင်တွေ ရှိနေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” ဟု ဒေါက်တာ အန်တိုနီ ဖော့စီက အိမ်ဖြူတော်တွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့်အတူ လုပ်ဆောင်သည့် အစည်းအဝေးတစ်ခုတွင် ပြောသွားသည်။

ပဏာမ လက်တွေ့စမ်းသပ်မှုများ၏ ရလဒ်များအရ အဆိုပါ remdesivir ဆေးသည် COVID-19 လူနာများ ပြန်လည် သက်သာကောင်းမွန်သည့် ကြာချိန်ကာလကို ၁၅ ရက်ကနေ ၁၁ ရက်ကို လျော့ကျသွားစေခဲ့သည် ကိုတွေ့ရှိခဲ့ရသည်ဟု သိရသည်။ ယင်းသည် တုပ်ကွေး ဆေး Tamiflu တွင် ပြသခဲ့သည့် အကျိုးအာနိသင်နှင့် အတူတူပင်ဖြစ်သည်။ Tamiflu ဆေးသည် လူနာများကို မြန်မြန်ဆန်ဆန် ပျောက်ကင်းစေခြင်း မရှိသော်လည်း ယင်းက လူနာများ ဖျားနာသည့် ကြာချိန်ကို လျော့ကျစေနိုင်ကြောင်း သိရသည်။

“၃၁ ရာခိုင်နှုန်း တိုးတက်မှု ဆိုတာက ၁၀၀ ရာခိုင်နှုန်း နဲ့တော့ မတူပါဘူး၊ ဒါပေမယ့် ဒါက အရမ်းကို အရေးကြီးတဲ့ အထောက်အထား ဖြစ်ပါတယ်၊ ဆေးတစ်မျိုးက ဒီဗိုင်းရပ်စ်ကို တားဆီးနိုင်တယ်ဆိုတာကို ပြသလိုက်သ လိုပါပဲ” ဟု ဒေါက်တာ ဖော့စီက remdesivir နှင့်ပတ်သက်၍ ပြောသည်။

ထို့ပြင် remdesivir ဆေးသည် လူနာများ၏ သေဆုံးနိုင်ခြေ အလားအလာကိုပါ လျော့ကျကောင်း လျော့ကျစေနိုင်သည်ဟု သိရသည်။

“ရလဒ်တွေအရ အသက်ရှင်သန်နိုင်မှု အကျိုးရလဒ်တစ်ခုကိုပါ ပြသနေခဲ့ပါတယ်၊ ဒီ ဆေးနဲ့ စမ်းသပ်ကုသခဲ့တဲ့ အုပ်စုမှာ သေဆုံးမှုနှုန်းက ၈ ဒသမ ၀ ရာခိုင်နှုန်း ရှိတဲ့အချိန် ဒီ ဆေးနဲ့ မစမ်းသပ်ခဲ့တဲ့ အုပ်စုရဲ့ သေဆုံးမှုနှုန်းက ၁၁ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု NIAID က ပြောသည်။

Remdesivir ဆေးသည် COVID-19 ကို ကုသရေးအတွက် စမ်းသပ်နေလျက် ရှိသည့် ဆေးများအနက် တစ်ခုဖြစ်သည်။ သို့သော် NIAID ၏ စမ်းသပ်မှုသည် FDA အတည်ပြုချက် ရရှိရန် ရည်ရွယ်သည့် စည်းမျဉ်းများနှင့်အညီ ပထမဆုံးလုပ်ဆောင်ခဲ့သည့် စမ်းသပ်မှုတစ်ခုဖြစ်သည်။

နိုင်ငံတကာတွင် ဖြန့်ကျက်လုပ်ဆောင်ခဲ့သည့် အဆိုပါ remdesivir ဆေး လက်တွေ့စမ်းသပ်မှုတွင် လူ ၁,၀၉၀ ခန့် ပါဝင်စမ်းသပ်ခံခဲ့သည်ဟု ဒေါက်တာ ဖော့စီက ပြောသည်။

ဧပြီ ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် အဆိုပါ remdesivir ဆေး စမ်းသပ်မှု ရလဒ်များနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောကြားရန် စောလွန်းနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောသည်။

အလားတူ အဆိုပါ ဆေးသည် ကိုဗစ်-၁၉ ကုသမှု နည်းလမ်းများနှင့် ပတ်သက်၍ ဇာတ်လမ်း အဆုံးပိုင်းမဟုတ်သေးကြောင်း လက်တွေ့စမ်းသပ်မှုများ၏ နောက်ကွယ်တွင် ရှိနေသည့် အဓိက စုံစမ်းရေးအရာရှိတစ်ဦးက ပြောသည်။

“ဒါနဲ့ပတ်သက်လို့ ထပ်လုပ်သွားရဦးမယ့် အလုပ်တွေ ရှိနေပါတယ်၊ အခြား ကုထုံးတွေကိုလည်း ရှာနေပါတယ်၊ ဒီ စမ်းသပ်မှုကိုလည်း ဆက်လုပ်သွားနေပါတယ်” ဟု Dr. Andre Kalil က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required