တုပ်ကွေးရာသီအစတွင် ဖျားနာ ချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ် သံသယလူနာအဖြစ် စစ်ဆေးမည်

တုပ်ကွေးရာသီအစတွင် ဖျားနာ ချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ် သံသယလူနာအဖြစ် စစ်ဆေးမည်
ပုံ- COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဌေးဌေးတင်(NHL)

ရန်ကုန်၊ ဧပြီ ၃၀

ယခုကဲ့သို့ တုပ်ကွေး ရာသီအစတွင် ဖျားနာ၊ ချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ်-၁၉ သံသယလူနာအဖြစ် သတ်မှတ်ပြီး စစ်ဆေး မှုများ လုပ်ဆောင်သွားရန် ရှိသည်ဟု COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က ပြောသည်။

တုပ်ကွေးရာသီအစဆိုသည်မှာ မည်သည့် အချိန်ကာလကို ရည်ညွန်းသည်ကိုတော့ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်က ထည့်သွင်း ပြောသွားခြင်း မရှိပေ။

 “ အခု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကွာရန်တင်းကို စစ်မယ်၊ နောက်တစ်ခုက ထိတွေ့လူနာ မှန်သမျှကို စစ်မယ်။ ဆေးရုံတတ်တဲ့ လူနာမှန်သမျှရော၊ အခုလို ဖျားနာလာတဲ့ တုပ်ကွေးရာသီအစမှာ ဖျားတယ်၊ ချောင်းဆိုးတယ်ဆို သံသယရှိ လူနာအဖြစ် သတ်မှတ်ပြီး စစ်မယ်ဆိုတော့ ပိုမိုတိုးချဲ့ပြီး စစ်လာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်က နိုင်ငံတော၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ရောဂါရှာဖွေ၊ ပြင်ဆင်၊ ကုသခြင်း ဆိုင်ရာ တာဝန်ခံ ဆရာဝန် သုံးဦး၏ အပြန်အလှန် ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြန်မာနိုင်ငံအနေဖြင့် COVID-19 ရောဂါရှာဖွေရေးတွင် ပမာဏများများ မစစ်နိုင်သေး၍ မိမိကိုယ်ကိုယ် ရောဂါ ကူးစက်နေသည်ကို မသိနိုင်ဘဲ ဗိုင်းရစ် ဖြန့်ဝေမိမည်ကို ပြည်သူများအကြား စိုးရိမ်စိတ်များ ရှိနေခြင်းကို မည်သို့ ဖြေ ရှင်းနိုင်မလဲ အတိုင်ပင်ခံပုဂ္ဂိုလ်က မေးမြန်းရာ COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က အထက်ပါ အတိုင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က “ အလျှင်အမြန် စမ်းလို့ရတဲ့ နည်းပညာလည်း ရှိနေ ပါပြီ။ အဲ့ဒီ စက်ကလေးတွေကို ဝယ်ယူဖို့အတွက် ပရိုပိုဆယ်တွေ တင် ထားပြီး ဖြစ်ပါတယ်။ မှန်းထားတာကတော့ ခရိုင် အဆင့်နဲ့ တိုင်းနဲ့ပြည်နယ် ဆေးရုံကြီးတွေမှာ လူ ၃၀၀၊ ၄၀၀ တပြိုင်ထဲ မထွက်ပေမယ့်လို့ သူသည် တစ်နေ့ကို လူ ၂၀၊ ၂၅ ယောက် လောက်တော့ စစ်နိုင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်း(NHL)၌ စစ်ဆေး အတည်ပြုပေး လျက်ရှိရာ ယူနန်ပြည်နယ်အစိုးရ၏ စက်ပစ္စည်းထောက်ပံ့မှုကြောင့် မန္တလေးမြို့တွင်လည်း မေလ ၁၅ ရက်မှ စတင်၍ စစ်ဆေး နိုင်ဖွယ် ရှိသည်ဟု ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်က ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် မွန်ပြည်နယ်၊ မော်လမြိုင်ရှိ ဇီဝလုံခြုံရေးအဆင့် (၃) ရှိ ဓာတ်ခွဲခန်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး စစ်ဆေးနိုင်ရန် စီစဉ်နေကြောင်း ဆိုသည်။

ထို့အပြင် COVID-19 ရောပျောက်ကင်းသွားပါကလည်း တစ်ကျော့ ပြန်လာနိုင်သည့်အတွက် မျိုးရိုးဗီဇ ပြောင်းလဲမှု ရှိ/မရှိ ကို သုတေသနများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၅၀ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိ သလို ပြန်လည်သက်သာသူ ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly