မတ်လ ၂၁ ရက်နေ့ကတည်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီလို့ ကြေညာထားတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒိုင်ဘာလာ တစ်ယောက် အချိန် ၆ ပတ် ကြာမြင့်နေပြီဖြစ်ပေမယ့် ဗိုင်းရပ်စ်ပျောက်ကင်းသွားခြင်း မရှိသေးတဲ့ အခြေအနေကို ပရိသတ်တွေက စိတ်ပူနေကြပါတယ်။
ဂျူဗင်တပ်စ်အသင်းရဲ့ အသင်းဖော် ကစားသမားတွေဖြစ်တဲ့ ရူဂါနီ၊ မာတွီဒီတို့နဲ့အတူ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတဲ့ ဒိုင်ဘာလာဟာ သူ့ရဲ့အသင်းဖော်တွေ ဗိုင်းရပ်စ်အန္တရာယ်ကနေ လွတ်မြောက်သွားချိန်မှာ သူတစ်ယောက်တည်း ကျန်နေရစ်ခဲ့တာပါ။
#Juventus, #Dybala remains positive to Covid 19: isolation continues https://t.co/QTaaiuGruq
— David Amoyal (@DavidAmoyal) April 29, 2020
ရူဂါနီနဲ့ မာတွီဒီတို့မှာ ဗိုင်းရပ်စ်ကင်းရှင်းသွားပြီဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက ကြေညာခဲ့ပေမယ့် ဒိုင်ဘာလာကတော့ ၆ ပတ်ကြာ အချိန်အတွင်း ၄ ကြိမ်မြောက် ဆေးစစ်မှုမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေဆဲ ဖြစ်တယ်လို့ ပြသခဲ့တာပါ။
မေလ ၁၄ ရက်နေ့မှာ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်လည်စတင်ဖို့ စီစဉ်နေတဲ့ ဂျူဗင်တပ်စ်အသင်းအတွက်တော့ ဒိုင်ဘာလာရဲ့ အခြေအနေက စိတ်ပူစရာဖြစ်ခဲ့ပြီး သူ့ကို သီးသန့် စောင့်ကြည့်ရဦးမယ့် အနေအထားမှာ ရှိနေတာပါ။
Juventus star Paulo Dybala has tested positive for COVID-19 for the fourth time in six weeks, claims Spanish programme El Chiringuito https://t.co/jhtYwlwyqo #Juventus #SerieA #Argentina #Dybala pic.twitter.com/OEWDNGfJcq
— footballitalia (@footballitalia) April 28, 2020
ဒိုင်ဘာလာရဲ့ အင်စတာဂရမ်မှာတော့ လေ့ကျင့်ခန်းလုပ်နေတာတွေ၊ သူ့ရဲ့ချစ်သူနဲ့အတူ ကစားနေတာတွေကို တင်ထားပြီး COVID-19 ရောဂါလက္ခဏာ ကြီးကြီးမားမား ပြသတာမျိုး မရှိပေမယ့် ဆေးစစ်မှုမှာတော့ သူ့ရဲ့ခန္ဓာကိုယ်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ်က ကိန်းအောင်းနေဆဲပါ။
ကျန်းမာရေးဆိုင်ရာ အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ ဟီလာရီဂျုံးစ်ကတော့ ဒိုင်ဘာလာလို အခြေအနေမျိုးကို လူတချို့မှာ တွေ့မြင်ခဲ့ရပြီး သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်က ရှိနေပေမယ့် ရောဂါလက္ခဏာတွေကိုတော့ ပြသခြင်းမရှိတော့ဘူးလို့ မှတ်ချက်ပေးပါတယ်။
ဗိုင်းရပ်စ်ပိုးရှိနေရခြင်းအကြောင်းရင်းကတော့ ပြီးခဲ့တဲ့ ရောဂါပိုးဟောင်းတွေ ရှိနေသေးတာ၊ ဒါမှမဟုတ် ရောဂါပိုးအသစ်ထပ်မံကူးစက်ခံရတာကြောင့် ဖြစ်မယ်လို့ ဆိုပါတယ်။
“ပုံမှန်ဆိုရင်တော့ ရောဂါပိုးတွေက အချိန်အကြာကြီး မရှင်သန်နိုင်ပါဘူး။ လူတွေရဲ့ ကြံ့ခိုင်မှုပေါ်မူတည်ပြီး သူတို့က ပျောက်ကွယ်သွားတတ်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တချို့အခြေအနေတွေမှာတော့ လူတွေဟာ ဗိုင်းရပ်စ်ပိုးကို ပျောက်ကင်းပြီးကာမှ ပြန်လည်ကူးစက်ခံရတာမျိုးလည်း ဖြစ်တတ်ပါတယ်။” လို့ ဆိုပါတယ်။