ဟိုတယ်ခရီး ဝန်ကြီး  ဦးအုန်းမောင်ပတ်သက်သည့် ကုမ္ပဏီ COVID-19 Fund ချေးငွေရရှိ

ဟိုတယ်ခရီး ဝန်ကြီး  ဦးအုန်းမောင်ပတ်သက်သည့် ကုမ္ပဏီ COVID-19 Fund ချေးငွေရရှိ

ရန်ကုန်၊ ဧပြီ ၂၉ရက်

COVID-19 Fund ချေးငွေများကို ပထမအသုတ်နှင့် ဒုတိယအသုတ်အဖြစ် ချေးငွေများ ချထားပေးရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်ပတ်သက်သော အင်းလေးမင်းသမီးလိမိတက် Inle Princess ကုမ္ပဏီသည် ချေးငွေ ကျပ်သိန်း၁၀၀၀ အထက် ရရှိခဲ့သည့် အောင်စာရင်းထဲတွင် ပါဝင်လာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် (DICA)၏ ဝက်ဘ်ဆိုက်တွင် အင်းလေးမင်းသမီးလိမိတက်တွင် ဝန်ကြီး ဦးအုန်းမောင်သည် ဒါရိုက်တာအဖြစ် ပါဝင်သည်ကိုတွေ့ရသည်။

သို့သော် ၂၀၁၆ ခုနှစ်ထုတ် ကုမုဒြာသတင်းတစ်ပုဒ်တွင် "ဦးအုန်းမောင်ဟာ သူပိုင်ဟိုတယ်တွေကို  သားသမီးနှစ်ဦးရဲ့ နာမည်တွေနဲ့ လွှဲပြောင်းပေး ထားပြီး" ဖြစ်သည်ဟု ဖော်ပြထားသည်။    

ဝန်ကြီးနှင့်ဆက်နွယ်သည့်ကုမ္ပဏီနာမည်ပါလာခြင်းက ခရီးသွားလုပ်ငန်းလုပ်ကိုင်သူအချို့၏ ဝေဖန်မှုထွက်ပေါ်စေသည်။

 သို့သော် အင်းလေးမင်းသမီးကုမ္ပဏီမှ အကြီးတန်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုသက်ထွန်းအောင်ကတော့ မိမိတို့ကုမ္ပဏီသည် အခြားကုမ္ပဏီများနည်းတူ စာရွက်စာတမ်းများဖြင့် လျှောက်လွှာတင်ခြင်းဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။
 
ကိုသက်ထွန်းအောင်က"ကျွန်တော်တို့လည်း အွန်လိုင်းမှာတော့ တွေ့တယ်။ ဘယ်လောက်အထက်က ဘယ်ကုမ္ပဏီတွေ အေးဂျင့်တွေဆိုတာမျိုး။ တရားဥပဒေအရ ကျွန်တော်တို့ကို အကြောင်းကြားတာမျိုးတော့မရှိသေးဘူး။ ကျွန်တော်တို့က သိန်း၂၀၀၀တင်တယ်။ သိန်း၂၀၀၀တင်ရတာက အရင်တုန်းက ကျွန်တော်တို့မှာ ဝန်ထမ်း ၁၂၈ယောက်ရှိတယ်။ အခုကျတော့ အယောက် ၈၈ယောက်ရှိတယ်။ ၈၈ယောက်ကို လစာပေးတာက အခွန်ရုံးမှာပေးတဲ့အတိုင်းပဲ သိန်း၂၆၀ကျော်ရှိတယ်။ သူတို့က ခြောက်လစာအတွက်မှန်းပြီး တင်ရမယ်လို့ စာထဲမှာပါတယ်။ ခြောက်လစာဆိုတော့ သိန်း ၁၅၀၀၊ သိန်း ၁၆၀၀ဖြစ်တာပေါ့။ ဒါဝန်ထမ်းလစာပေါ့။ နောက်ထပ် ရေခ မီးခတွေ ဘာညာနဲ့ဆိုပြီး ကျွန်တော်တို့ သိန်း ၂၀၀၀တင်တယ်။ စာရွက်စာတမ်းတွေအကုန်လုံးပေးရတယ်။ အခွန်ရုံးက စာရွက်စာတမ်းတွေလည်း ပေးရတယ်။ "ဟု ဆိုသည်။
 
ကုမ္ပဏီအနေဖြင့် ချေးငွေ သိန်း၁၀၀၀အထက်ရရှိသည်ဟုသာ ကြားသိရကာ မည်မျှရရှိသည်ကိုတော့ အတိအကျမသိရသေးကြောင်း ၎င်းကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက သတ်မှတ်ထားသည့် အချက် ၁၀ချက်နှင့် ကိုက်ညီသည့် နိုင်ငံသားပိုင်လုပ်ငန်းမှန်သမျှ လျှောက်ခွင့်ရှိကြောင်း ဆိုသည်။

ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက"လျှောက်လာတဲ့ ချေးငွေလျှောက်လွှာတွေအပေါ်မှာ ကျွန်တော်တို့သတ်မှတ်ထားတဲ့ အချက် ၁၀ ချက်နဲ့ ကိုက်ရဲ့လားဆိုတာ ကျွန်တော်တို့ကြည့်တယ်။ လျှောက်လွှာတွေသည် မူလထုတ်ပြန်ထားတဲ့ အချက်၁၀ချက်နဲ့လည်းကိုက်ညီတယ်။ သတ်မှတ်ထားတဲ့ ကဏ္ဍ၃ခုထဲမှာလည်း အကျုံးဝင်တယ်ဆိုရင် ကျွန်တော်တို့က  ဒါကို စိစစ်ပါတယ်။ ကျွန်တော်တို့ကြည့်တာသည် ဝန်ကြီးဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ အချက်၁၀ချက်နဲ့အကျုံးဝင်မဝင်ကြည့်တယ်။ နောက် သူတို့တင်ပြတဲ့ သူတို့လျှောက်လွှာမှာ တောင်းခံထားတဲ့ စာရွက်စာတမ်းတွေရှိတယ်။ သူတို့ခန့်ထားတဲ့အလုပ်သမားအရေအတွက်၊ နောက်သူတို့လိုအပ်တဲ့ ငွေကြေးပေါ့၊ နောက် အဓိကက ချေးငွေဖြစ်တဲ့အတွက်ကြောင့် ပြန်ဆပ်နိုင်တဲ့အခြေအနေရှိမရှိကိုလည်း ကြည့်ရတယ်။ သူက တခြားအကြွေးတွေရှိနေလား ဒါမျိုးတွေပေါ့"ဟု ဆိုသည်။

သတ်မှတ်ထားသည့် ကဏ္ဍ သုံးခုမှာ အထည်ချုပ်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနှင့် အလတ်စား၊အသေးစားစီးပွားရေးလုပ်ငန်းတို့ဖြစ်ပြီး သတ်မှတ်ထားသည့် အချက်၁၀ချက်မှာ

  • (က)    COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေး လုပ်ငန်း ဖြစ်ရမည်။
  • ( ခ )   လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် ယခု ကြေညာချက် ထုတ်ပြန်သည့်နေ့မှ ယခင် သုံးလအတွင်း ယာယီရပ်စဲထားပြီး ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင် လည်ပတ်နိုင်သည့် လုပ်ငန်းဖြစ်ရမည်။
  • ( ဂ )   ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/ လုပ်ငန်း လိုင်စင်ရထားပြီးသည့်လုပ်ငန်း ဖြစ်ရမည်။
  • (ဃ)    လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။
  • ( င )   ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသည့်လုပ်ငန်း ဖြစ်ရမည်။
  • ( စ )   ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိလုပ်ငန်းလည် ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်လုပ်ငန်းဖြစ်ရမည်။
  • (ဆ)    ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်း ခံရသည့် (သို့မဟုတ်) မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီ မဖြစ်စေရ။ ကုမ္ပဏီမဟုတ်သောစီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရ ဌာန/ အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်း ခံရသည့် (သို့မဟုတ်) မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်း မဖြစ်စေရ။
  • (ဇ)     ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ်ငန်းဖြစ် ရမည်။
  • ( ဈ )   လူမှုဖူလုံရေး ထည့်ဝင်ကြေး ပုံမှန်ထည့်ဝင်ထားသည့် လုပ်ငန်းကိုဦးစားပေး နိုင်သည်။
  • (ည)    ကုမ္ပဏီဖြစ်ပါက ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်း ပိုင်ရှင်မှ ချေးငွေအားပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်တို့ဖြစ်သည်။

ဧပြီ ၂၈ ရက် ရက်စွဲဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာမျက်နှာတွင် ဖော်ပြခဲ့သည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက် ၂/၂၀၂၀ တွင် ဖော်ပြထားမှုအရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပထမအသုတ်အဖြစ် လုပ်ငန်း ၈၈ ခုနှင့် ဒုတိယအသုတ်အဖြစ် လုပ်ငန်း ၁၁၃ ခုအား COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအသုတ်နှင့် ဒုတိယအသုတ်အတွက် ‌ ချေးငွေစုစုပေါင်း ၁၀ဘီလီလျံ ချထားပေးရာ၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍမှ ကုမ္ပဏီများ၊ အထည်ချုပ်လုပ်ငန်းများ၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းများ၊ ဖြန့်ချိရေးလုပ်ငန်းများဖြင့် ကဏ္ဍစုံပါဝင်သည်။

အဆိုပါ ချေးငွေကို ဦးစားပေးကုစားရမည့် ကဏ္ဍများတွင် အကျုံးဝင်သည့် စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly