ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၁၀ သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ် ၁၁၀ သည် ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် တောင်ဥက္ကလာပ အမျိုး သမီးနှင့် ကလေးဆေးရုံကြီး အဆောက်အဦးသစ်၌ သေဆုံးသွားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူ လမ်း ကြောင်း ပျက်စီးခြင်း၊ အသက်ရှူ လမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းနှင့် ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပါသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက "ဟုတ်ပါတယ်၊  ကိုဗစ် ရောဂါပြင်းထန်လို့ ဆုံးသွားတာပေါ့။ ရောဂါ အခံတွေလည်း ရှိတယ်၊ သွေးတိုးလည်း ရှိတယ်။ ဆီးချို လည်း ရှိတယ်။ ကိုဗစ်ဖြစ်တော့ အဆုတ်ကလည်း တော်တော်ဆိုးသွားတယ်"ဟု ပြောသည်။

သေဆုံးသူ လူနာအမှတ် ၁၁၀ သည် အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ဖြစ်သည်။

သေဆုံးလူနာသည် ကိုဗစ်-၁၉ အတည်ပြု လူနာ အမှတ် ၁၁၀ အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၁၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ဧပြီ ၂၀ ရက်၌ တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေး ရုံကြီး လေးထပ်အဆောက်အဦးသစ်၌ တက်ရောက် ဆေးကုသမှု ခံယူနေရသူ ဖြစ်သည်။

ထို့နောက် ဧပြီ ၂၂ ရက်မှ စတင်၍ အထူးကြပ်မတ် ကုသမှုခံယူခဲ့ရပြီးနောက် ယနေ့ နံနက်ပိုင်းမှာ ကွယ်လွန် သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ‌ ဝေဘာဂီအထူးကုဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင်တွင် ကုသမှု ခံယူနေရသည့် လူနာ နှစ်ဦး ရှိကြောင်း ထိုလူနာတို့မှာ လူနာအမှတ် ၈၇ နှင့် ၈၉ တို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၅၀ ဦးရှိပြီး သေဆုံးသူ ပြန်လည် သက်သာလာသူ ၁၆ ဦးရှိ သလို သေဆုံးသူ ခြောက်ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ နံနက် ၇ နာရီ ထုတ် ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required