ကိုရိုနာဗိုင်းရပ်စ်က နှစ်စဉ်ဖြစ်ပွားပေါ်ပေါက်ဖွယ်ရာရှိဟု ထိပ်တန်းတရုတ်သိပ္ပံပညာရှင်များ ပြော

ကိုရိုနာဗိုင်းရပ်စ်က နှစ်စဉ်ဖြစ်ပွားပေါ်ပေါက်ဖွယ်ရာရှိဟု ထိပ်တန်းတရုတ်သိပ္ပံပညာရှင်များ ပြော

ဧပြီ ၂၉

ကိုရိုနာဗိုင်းရပ်စ်က အမြစ်ပြတ်သွားလိမ့်မည် မဟုတ်ကြောင်း တရုတ်သိပ္ပံပညာရှင်များက ပြောပြီး ယင်းဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါသည် တုပ်ကွေးကဲ့သို့ ရာသီပေါ်ရောဂါဖြစ်လိမ့်မည်ဆိုသော ကမ္ဘာတစ်ဝန်း ထင်မြင်ယူဆချက်များကို ထပ်ဆင့်အားဖြည့်လိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအချို့တွင် ဖျားခြင်းကဲ့သို့ ထင်သာမြင်သာ ရှိသည့် လက္ခဏာများ မပြသခြင်းကြောင့် ယင်း ဗိုင်းရပ်စ်သည် လွန်ခဲ့သော ၁၇ နှစ်က ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ၎င်း၏ နီးစပ်သော မျိုးကွဲ SARS ကဲသို့ ပျောက်ကွယ်သွားဖွယ်ရာ မရှိပေ။

ထို ထင်သာမြင်သာ ရောဂါလက္ခဏာ မပြသည့် အုပ်စုက ဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိခြင်း မရှိဘဲ ပျံ့နှံ့စေမည်ဖြစ်၍ ကူးစက်ဖြစ်ပွားမှုကို အပြည့်အဝ ထိန်းချုပ်ရန်မှာ ခက်ခဲကြောင်း တရုတ် ပိုးမွှားနှင့် ဆေးဝါးသုတေသန ပညာရှင်အဖွဲ့က တနင်္လာနေ့တွင် ပေကျင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောသည်။

SARS ရောဂါမှာ ကူးစက်ဖြစ်ပွားသူကို အပြင်းအထန် နာမကျန်းဖြစ်စေသည်။ ယင်း ရောဂါကူးစက်ဖြစ်ပွားသူကို အခြားသူများနှင့် ခွဲထားပြီး ရောဂါခြေချုပ် ထားရှိပါက ဗိုင်းရပ်စ် ပျံ့နှံ့မှု ရပ်တန့်သွားရသည်။ ကိုရိုနာဗိုင်းရပ်စ်မှာမူ ကွဲပြားခြားနားသည်။ တရုတ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားရာ ဒေသများကို ထိန်းချုပ်မှုအောက် ထားရှိထားလင့်ကစား ရောဂါလက္ခဏာစု မပြသော ဗိုင်းရပ်စ်ကူးစက်သူများကို နေ့စဉ်ပင် တွေ့နေဆဲ ဖြစ်သည်။

“ဒီ ဗိုင်းရပ်စ်ဟာ လူတွေကြားမှာ ရေရှည် တည်ရှိသွားမယ်ဆိုတာက အတော်လေးကို ဖြစ်နိုင်ခြေများတယ်။ ရာသီပေါ် ရောဂါဖြစ်လာပြီး လူတွေရဲ့ ခန္ဓာကိုယ်မှာ တည်ရှိနေလိမ့်မယ်။”ဟု တရုတ် ထိပ်တန်းဆေးဝါးသုတေသနဌာန Chinese Academy of Medical Sciences မှ ရောဂါပိုးမွှားဇီဝဗေဒဌာနစိတ်၏ ညွှန်ကြားရေးမှူးဖြစ်သူ ကျင်းချိက ပြောသည်။

ကမ္ဘာ့စီးပွားရေး အများအပြား တန့်ရပ်မှုကို ဖြစ်ပေါ်စေသော အဆုံးအရှုံးများသည့် အဝင်အထွက်ပိတ် lockdown ချခြင်းများ ဆောင်ရွက်နေကြသော်လည်း ထိပ်တန်းသုတေသီများနှင့် ကမ္ဘာတစ်ဝန်းက အစိုးရများက ဗိုင်းရပ်စ်ကို ချေမှုန်းနိုင်ဖွယ်ရာ မရှိဟု အများစု လက်ခံထားသည်။

လက်ရှိတွင် ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း သုံးသန်းကျော်သွားပြီဖြစ်ကာ လူပေါင်း ၂၁၀၀၀၀ ကျော် သေဆုံးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly