အပြစ်အနာရှိသည့် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ဝယ်ယူမှု အိန္ဒိယက ပယ်ဖျက်၍ တရုတ်နှင့် အချင်းများ

အပြစ်အနာရှိသည့် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ဝယ်ယူမှု အိန္ဒိယက ပယ်ဖျက်၍ တရုတ်နှင့် အချင်းများ

ဧပြီ ၂၉

တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများကို နောက်ထပ် အသုံးမပြုရန် အိန္ဒိယမှ ကျန်းမာရေးပညာရှင်များက အကြံပြုပြီး တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်တွင် ယခင်က ဝယ်ယူထားသော ယင်း စမ်းသပ်ကိရိယာအားလုံးကို ပြန်ပို့ရန် ရှိကြောင်း ဖော်ပြထားသည်။

အိန္ဒိယ ဆေးဝါးသုတေသနကောင်စီ ICMR ၏ ကိုယ်ပိုင်အကဲဖြတ်ချက်နှင့်အတူ ပြည်နယ်များမှ တင်ပြချက်များကို ကိုးကားပြီး ကောင်စီ၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂျီအက်စ်တိုတေးဂျာက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“ဗိုင်းရပ်စ် စမ်းသပ်ရှာဖွေမှုတွင် ကောင်းကောင်းစွမ်းဆောင်ရည်ရှိမည်ဟု အာမခံချက် ရှိသော်လည်း ရလဒ်များက ပြသနေသည်မှာ စမ်းသပ်ကိရိယာများသည် တိကျသည့် အဖြေ ပုံသေမရှိဘဲ အမျိုးမျိုး ပြောင်းလဲနေ ကြောင်း။” ICMR ၏ အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ICMR အနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသော သွေးတွင်း ပဋိပစ္စည်း တည်ရှိမှုကို ရှာဖွေပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်ရှာဖွေသော ကိရိယာများ၏ အပြစ်အနာများ ရှိနေခြင်းနှင့် ပတ်သက်ကာ ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက အိန္ဒိယနိုင်ငံသည် တရုတ်အခြေစိုက် Guangzhou Wondfo Biotech နှင့် Zhuhai Livzon Diagnostics ဇီဝနည်းပညာကုမ္ပဏီနှစ်ခုမှ စမ်းသပ်ကိရိယာပေါင်း ငါးသိန်းခန့် မှာယူရရှိခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရသူတစ်ဦးက ICMR ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ကာ အင်္ဂါနေ့တွင် တုံ့ပြန်ရာ၌ စမ်းသပ်ကိရိယာများအပေါ် အိန္ဒိယနိုင်ငံက ဆန်းစစ်ရာ၌ မျှတမှု မရှိဘဲ တာဝန်မဲ့သည်ဟု ပြောဆိုသည်။ အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးမှ တင်သွင်းသော ယင်း စမ်းသပ်ကိရိယာများသည် တရုတ် အစိုးရ ဆေးဝါးဆိုင်ရာဘုတ်အဖွဲ့နှင့် အိန္ဒိယ အမျိုးသား ရောဂါပိုးမွှားဌာနတို့မှ အရည်အသွေးစံမီသည်ဟု သတ်မှတ် ခွင့်ပြုချက် ရထားပြီးလည်း ဖြစ်သည်ဟု မှတ်ချက်ပြု ပြောဆိုသည်။

“အိန္ဒိယ ဆေးဝါးသုတေသနကောင်စီရဲ့ ဆန်းစစ်ချက် ရလဒ်နဲ့ စမ်းသပ်ကိရိယာတွေ ပြန်ပို့မယ့် ဆုံးဖြတ်ချက်တွေကြောင့် ကျွန်တော်တို့ အတော်လေး စိတ်မအေးနိုင်ဖြစ်ရတယ်။ တရုတ်ထုတ်ကုန်တွေကို အပြစ်အနာဆာ ရှိတယ်ဆိုပြီး တံဆိပ်ကပ်တာဟာ မျှတမှုမရှိဘဲ တာဝန်မဲ့တာ ဖြစ်တယ်။”ဟု ၎င်း ပြောခွင့်ရသူက ဆိုသည်။

“လက်ရှိ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယဖက်က တရုတ်နိုင်ငံရဲ့ စိတ်ကောင်းစေတနာနဲ့ ရိုးသားမှုကို လေးစားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ပြဿနာကို အကျိုးသင့် အကြောင်းသင့် မှန်မှန်ကန်ကန် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required