ကိုရိုနာဗိုင်းရပ်စ်ကိစ္စ စုံစမ်းစစ်ဆေးရန် စီစဉ်နေချိန် တရုတ်၏ စီးပွားရေးဆိုင်ရာ အကျပ်ကိုင်ခြိမ်းခြောက်မှုကို သြစတြေးလျ ပယ်ချ

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ စုံစမ်းစစ်ဆေးရန် စီစဉ်နေချိန် တရုတ်၏ စီးပွားရေးဆိုင်ရာ အကျပ်ကိုင်ခြိမ်းခြောက်မှုကို သြစတြေးလျ ပယ်ချ

ဧပြီ ၂၈

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှုအပေါ် နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိချိန် မိမိတို့နိုင်ငံအပေါ် “စီးပွားရေး အကျပ်ကိုင်မှု” မျိုး ကြိုးပမ်းလုပ်ဆောင်ခြင်းမပြုရန် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေး က တရုတ်ကို သတိပေးပြောကြားသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ယင်းဗိုင်းရပ်စ် မည်သို့မည်ပုံ ပျံ့နှံ့ခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ နိုင်ငံတကာက စုံစမ်းဖော်ထုတ်ရေး သြစတြေးလျအစိုးရက တွန်းအားပေးတောင်းဆိုလျက်ရှိရာ ယင်းအပေါ် တရုတ်က ဆန့်ကျင်ကန့်ကွက်ထားသည်။

“တရုတ် ပြည်သူများ” အနေဖြင့် သြစတြေးလျ ထုတ်ကုန်များနှင့် တက္ကသိုလ်များကို ရှောင်ကြဉ်သွားနိုင်သည်ဆိုပြီး သြစတြေးလျဆိုင်ရာ တရုတ်သံအမတ်ကြီး ချန် ကျင်းယီ က ဧပြီ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့် ယင်းဗိုင်းရပ်စ် မည်သို့မည်ပုံ ပျံ့နှံ့ခဲ့သည် ဆိုသည်နှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးသုံးသပ်မှုတစ်ရပ် ပြုလုပ်ရေးကို ထောက်ခံအားပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အဖွဲ့ဝင်နိုင်ငံများအားလုံးကို သြစတြေးလျက ပြီးခဲ့သည့်အပတ်ထဲတွင် တိုက်တွန်းတောင်းဆိုထားခဲ့သည်။

ထို့ပြင် ယင်းကိစ္စနှင့်စပ်လျင်း၍ သြစတြေးလျက ကမ္ဘာ့ခေါင်းဆောင်များကိုလည်း ဆွယ်တရားဟောလျက် ရှိသည်။

သြစတြေးလျ၏ အဆိုပြုချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်ခိုက်ပြောကြားခဲ့သည်။

“သာမန် ပြည်သူတွေကတော့ ပြောကောင်းပြောကြပါလိမ့်မယ် ‘သြစတြေးလျ ဝိုင်ကို ငါတို့ ဘာလို့ သောက်တော့မှာလဲ၊ သြစတြေးလျ အမဲသားကိုရော ဘာကြောင့် စားတော့မှာလဲ’ ဆိုပြီးတော့ပေါ့” ဟု တရုတ်သံအမတ် ချန် က Australian Financial Review သတင်းစာ၏ ရှေ့ဖုံးစာမျက်နှာတွင် ဖော်ပြခဲ့သည့် အင်တာဗျူးတစ်ခုတွင် ပြောသွားခဲ့သည်။

ထို့ပြင် ခရီးသွားများအနေဖြင့် သြစတြေးလျသို့ လည်ပတ်ခြင်းနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်နေမှုများ ရှိကောင်းရှိနေနိုင်သည်မှာလည်း ဖြစ်နိုင်ခြေရှိသည်ဟုလည်း ချန် က ပြောသွားခဲ့သည်။

“ကျောင်းသား မိဘတွေအနေနဲ့လည်း ဒီနေရာက သူတို့ရဲ့ ကလေးတွေကို ပို့သင့်တဲ့ အကောင်းဆုံးနေရာလား ဆိုပြီး စဉ်းစားကြပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

စွမ်းအင်ပို့ကုန်များပြီးလျင် ပညာရေးနှင့် ခရီးသွားလုပ်ငန်းသည် သြစတြေးလျ၏ အကြီးဆုံး ပို့ကုန်လုပ်ငန်းများဖြစ်ပြီး တရုတ်က အကြီးဆုံး ဈေးကွက်ဖြစ်နေသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ခဲ့သည့် COVID-19 ဖြစ်ပွားမှုအပေါ် လွတ်လပ်စွာ စစ်ဆေးသုံးသပ်မှုတစ်ခု ပြုလုပ်ရေး သြစတြေးလျဘက်က  “မူအရ တောင်းဆိုမှု” တစ်ခု လုပ်ထားကြောင်း ပေး က ပြောသည်။

“ဒီလိုမျိုး အကဲဖြတ်မှုတစ်ခုအတွက် တောင်းဆိုတဲ့အပေါ်မှာ သင့်လျော်တဲ့ ပြန်လည်တုန့်ပြန်မှုတစ်ခုက စီးပွားရေးအကျပ်ကိုင်ခြင်း ဖြစ်တယ်လို့ ထင်မြင်နေတဲ့အပေါ် ကျွန်မတို့ ပယ်ချပါတယ်၊ ကျွန်မတို့ လိုအပ်တာက တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါတယ်” ဟု ပေး က ပြောသွားသည်။

သြစတြေးလျ ဝိုင်နှင့် အမဲသားအတွက် တရုတ်သည် အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည်။ ၂၀၁၈ ခုနှစ်က တရုတ်နှင့်အကြား သံတမန်ဆက်ဆံရေး တင်းမာခဲ့ချိန်ကာလအတွင်းကလည်း သြစတြေးလျ ဝိုင်လုပ်ငန်းအနေဖြင့် တရုတ်တွင် တင်သွင်းမှုဆိုင်ရာ နှောင့်နှေးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး သြစတြေးလျ အမဲသားပို့ကုန်တချို့ကိုလည်း ပြီးခဲ့သည့်ကာလအတွင်း အချိန်ကာလတစ်ခုအကြာ ဆိုင်းငံ့ထားခဲ့ရသည်။

ကပ်ရောဂါဖြစ်ပွားမှုအပေါ် “ရိုးသားသည့် အကဲဖြတ်မှု” တစ်ခု လုပ်ဆောင်ခြင်းနှင့်အတူ WHO ၏ အခန်းကဏ္ဍကို ခိုင်မာတောင့်တင်းသွားစေရန် ရည်ရွယ်ကြိုးပမ်းလိုခြင်းဖြစ်ကြောင်း ပေး က ပြောသွားခဲ့သည်။

စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး တောင်းဆိုမှုများအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂန်ရွှမ် က ပေကျင်းမြို့တွင် ပြုလုပ်သည့် တစ်နေ့တာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပယ်ချသွားခဲ့သည်။သို့သော် သြစတြေးလျနှင့်ပတ်သက်၍ အထူးတလည် မှတ်ချက်ပေးသွားခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly