COVID-19 လူနာအမှတ် ၁၄၄နှင့် အနီးကပ်နေထိုင်ခဲ့သည့် နိုင်ငံခြားသားများတွင် ရောဂါပိုးမတွေ့ရှိ

COVID-19 လူနာအမှတ် ၁၄၄နှင့် အနီးကပ်နေထိုင်ခဲ့သည့် နိုင်ငံခြားသားများတွင် ရောဂါပိုးမတွေ့ရှိ

  ရန်ကုန်၊ ဧပြီ ၂၈

လှိုင်သာယာမြို့နယ်၊ ချန်ရီ ဖိနပ်ချုပ်စက်ရုံမှဝန်ထမ်းဖြစ်သူ အသက် ၂၄နှစ်အရွယ် အတည်ပြုလူနာအမှတ် ၁၄၄နှင့် အနီးကပ်နေထိုင်ခဲ့သည့် အလုပ်သမား ၁၁၅ ဦးတွင် COVID-19ရောဂါပိုးမတွေ့ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ဧပြီ ၂၇ရက် သတင်းထုတ်ပြန်မှုအရ သိရသည်။

အဆိုပါ အတည်ပြုလူနာနှင့် အတူအလုပ်လုပ်ကိုင်ခဲ့သော တရုတ်လူမျိုး၊ နိုင်ငံခြားသား ၇၀ဦး အပါအဝင် အဆောင်တစ်ခုထဲတွင် နေထိုင်ခဲ့သူ ၄၅ဦး စုစုပေါင်း ၁၁၅ဦးကို အသွားအလာကန့်သတ်ပြီးနောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနက ၎င်းလူနာအမှတ် ၁၄၄နှင့် ဆက်စပ်မှုရှိသူများကို ထပ်မံကွင်းဆက်လိုက်နေသည်ဟု သိရသည်။

“ပထမဆုံးစစ်တာက ရှစ်ဦး သူတို့ကလည်း မရှိဘူးဆိုပြီး ကြေညာပြီးသွားပြီ။သူနဲ့ အနီးကပ်နေခဲ့တဲ့သူတွေကို လိုက်တယ် ။နောက်ဒီလူတွေ မဖြစ်နိုင်ဘူးဆိုရင် နိုင်ငံခြားသားဆီက ပါလာသလားဆိုပြီး နိုင်ငံခြားသားတွေကိုပါ စစ်လိုက်တယ်။ပတ်သတ်နိုင်တဲ့သူတွေ အားလုံးကို စစ်ထားတယ်”ဟု လှိုင်သာယာမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။

လူနာအမှတ် ၁၄၄ အလုပ်လုပ်ကိုင်ခဲ့သောစက်ရုံတွင် အလုပ်သမား ၈၀၀၀ ခန့်ရှိနေပြီး ၎င်းတို့ကို ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးရန်လိုအပ်သည်ဟု ညွှန်ကြားမှသာလျှင် ကိုရိုနာဗိုင်းရပ်စ် ပိုးရှိ၊ မရှိ စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဆိုသည်။

ယင်းစက်ရုံမှ အလုပ်သမားအချို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေမည်ကို စိုးရိမ်ခြင်းကြောင့်  လှိုင်သာယာမြို့နယ်ရှိ ဖျားနာကုဆေးခန်းသို့ ဖျားနာမှုမရှိဘဲ လာရောက်ပြသလျှက်ရှိကြောင်း သိရသည်။

အတည်ပြုလူနာအမှတ် ၁၄၄သည် ဧပြီလ ၁၅ရက်က ကားစီးလုံးငှားကာ ရန်ကုန်မှ မိုးညှင်းမြို့သို့ သွားရောက်ခဲ့ပြီး ဧပြီ ၁၆ ရက်နေ့မှ စတင်ကာ မိုးညှင်းတွင် ကွာလတင်းဝင်နေစဉ် ချောင်းဆိုး၊ ဖျားနာသဖြင့် ဓာတ်ခွဲစစ်ဆေး ရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ လူနာအမှတ် ၁၄၄သည် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိပြီး အဆိုပါ အတည်ပြုလူနာ ၁၄၄မှတဆင့် ကူးစက်သူဟူ၍ မရှိသေးပါ။

 မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၄၆ ဦး ရှိနေပြီး ၎င်းအနက်မှ ၁၀ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းခွင့် ပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required