COVID-19 နှင့်ပတ်သက်၍ နိုင်ဂျီးရီးယားရှေ့နေများက တရုတ်ကို တရားစွဲဆိုပြီး ထိခိုက်နစ်နာမှုများအတွက် ဒေါ်လာ ၂၀၀ ဘီလီယံ တောင်းဆို

COVID-19 နှင့်ပတ်သက်၍ နိုင်ဂျီးရီးယားရှေ့နေများက တရုတ်ကို တရားစွဲဆိုပြီး ထိခိုက်နစ်နာမှုများအတွက် ဒေါ်လာ ၂၀၀ ဘီလီယံ တောင်းဆို

ဧပြီ ၂၈

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖစ်သည့် နိုင်ဂျီးရီးယားအပေါ် ကျရောက်ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်မှုများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို နိုင်ဂျီးရီးယားရှေ့နေများ ပူးပေါင်းအဖွဲ့တစ်ခုက တရားစွဲဆိုထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် “လူ့အသက်များစွာ ဆုံးရှုံးမှု၊ စီးပွားရေး နှိပ်ကွပ်ခံရပြီး ဖိစီးမှုများဖြစ်ပေါ်မှု၊ စိတ်မချမ်းမြေ့စရာ ဒဏ်ရာဒဏ်ချက်များ၊ ဆင်းရဲဒုက္ခများ၊ လူမှုဆိုင်ရာ ရှုပ်ထွေးမှုများ၊ စိတ်ပိုင်းဆိုင်ရာ ကြီးလေးသည့် ဆင်းရဲသောကများနှင့် နိုင်ဂျီးရီးယား ပြည်သူတို့၏ ပုံမှန် နေ့စဉ် လှုပ်ရှားဖြစ်တည်မှုအပေါ် ပျက်ပြားစေမှု” တို့အတွက် ထိခိုက်ဆုံးရှုံးမှုများအဖြစ် နစ်နာကြေး ဒေါ်လာ ၂၀၀ ဘီလီယံ ရလိုကြောင်း အဆိုပါ ရှေ့နေများက တောင်းဆိုလျက် ရှိသည်။

ယင်းသည် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က ဦးစီးဦးဆောင်ပုဂ္ဂိုလ် ရှေ့နေ ပါမောက္ခ Epiphany Azinge က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

Azinge ၏ law firm (ဥပဒေအကျိုးဆောင်လုပ်ငန်း)  ဖြစ်သည့် Azinge and Azinge က ယခု ဥပဒေဆိုင်ရာ အရေးယူလုပ်ဆောင်ချက်ဘက်ကနေ ရပ်တည်ကာကွယ်ပေးလျက် ရှိပြီး ၎င်းတို့အနေဖြင့် တရုတ်အစိုးရအပေါ် စုပေါင်းတရားစွဲဆိုမှု (class action) အတွက် ပန်ကြားချက်များလုပ်ဆောင်ရန်လည်း ကောက်ချက်ချထားကြောင်း အလေးပေး ပြောသွားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်မှာ “ဥပဒေဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့အနေဖြင့် အဆင့် နှစ်ဆင့်ပါ အရေးယူဆောင်ရွက်မှု လမ်းကြောင်းနှစ်ခုကို စီစဉ်ထားကြောင်း၊ ပထမတစ်ခုကို နိုင်ဂျီးရီးယား ဖက်ဒရယ် အထက်တရားရုံးနှင့် ဆောင်ရွက်သွားရန် ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် တရုတ်အစိုးရကို သည်ဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ သို့ တိုင်တန်းတရားစွဲဆိုသွားရေးအတွက် နိုင်ဂျီးရီးယားအစိုးရကို တိုက်တွန်းသိမ်းသွင်းသွားရန် ဖြစ်သည်” ဟု ဖော်ပြထားသည်။

“ဥပဒေ ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ထိခိုက်နစ်နာမှုတွေအတွက် ဒေါ်လာ ၂၀၀ ဘီလီယံပမာဏအထိ တောင်းဆိုသွားမှာဖြစ်ပါတယ်၊ ဒါကို တရုတ်အစိုးရအနေနဲ့ နိုင်ဂျီးရီးယားမှာ ရှိတဲ့ ယင်းရဲ့ သံရုံးကနေတဆင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်” ဟုလည်း ဖော်ပြပါရှိသည်။

Azinge သည် လက်ရှိအချိန်တွင် နိုင်ဂျီးရီးယားနှင့် အာဖရိကဒေသကို ကိုယ်စားပြုလျက် လန်ဒန်ရှိ ဓနသဟာယနိုင်ငံများ အနုညာတဆုံးဖြတ်ရေးခုံရုံး၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required