ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှု၌ ပါဝင်ခဲ့သူတစ်ဦး သေဆုံးသွားပြီဆိုသည့် သတင်း မှန်ကန်မှု မရှိ

ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစမ်းသပ်မှု၌ ပါဝင်ခဲ့သူတစ်ဦး သေဆုံးသွားပြီဆိုသည့် သတင်း မှန်ကန်မှု မရှိ

ဧပြီ ၂၇

ယူကေတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံးအကြိမ် စမ်းသပ်ထိုးနှံမှုတွင် ပါဝင်ခဲ့သူတစ်ဦး သေဆုံးသွားပြီ ဆိုပြီး ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတစ်ပုဒ် ပျံ့နှံ့ခဲ့ပြီးနောက် ယခုအခါ အဆိုပါ သတင်းသည် မှန်ကန်ခြင်း မရှိဟု ကာယကံရှင်ကိုယ်တိုင်က ငြင်းဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က အောက်စ်ဖို့ဒ်တွင် အဆိုပါ ကာကွယ်ဆေး ပထမဆုံး စမ်းသပ်ထိုးနှံမှုမှာ မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူတစ်ဦးဖြစ်သည့် အဏုဇီဝပညာရှင် ဒေါက်တာ အီလစ်ဆာ ဂရာနန်တိုသည် အဆိုပါ စမ်းသပ်ကာကွယ်ဆေး ထိုးနှံခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်ဆိုပြီး ဆိုရှယ်မီဒီယာပေါ် တက်လာခဲ့သည့် သတင်းတု တစ်ပုဒ်ထဲတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ သတင်းဆောင်းပါးသည် လုံးလုံးလျားလျား မှားယွင်းနေကြောင်း နောက်ပိုင်းတွင် အစိုးရက ထုတ်ပြန်သွားခဲ့ပြီး ပြည်သူများကိုလည်း အွန်လိုင်းပေါ်က အထောက်အထားမခိုင်လုံသည့် အကြောင်းအရာများကို ဝေမျှခြင်းမပြုရန် သတိပေးသွားခဲ့သည်။

ဂရာနန်တိုသည် အဆိုပါ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွင် ပထမဆုံး ပါဝင်ခဲ့သူနှစ်ဦးအနက် တစ်ဦးဖြစ်သည်။ သူမအနေဖြင့် မိမိသဘောဆန္ဒအလျောက်ပါဝင်ရခြင်းအားဖြင့် ကာကွယ်ဆေးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုများကို ကူညီပံ့ပိုးရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း သူမက ပြောသွားခဲ့သည်။

ထိုကဲ့သို့ သူမ “ကွယ်လွန်သွားပြီ” ဆိုသည့် သတင်းတက်လာခဲ့ပြီးနောက် အဆိုပါ သတင်းနှင့်ပတ်သက်၍ ဂရာနန်တိုက တွစ်တာတွင် ရေးသားမှုတစ်ချို့ လုပ်ခဲ့ပြီး ယင်းနောက် သူမ၏ တွစ်တာအကောင့်ကို private လုပ်သွားခဲ့သည်။ သူမက “မနက်အိပ်ယာနိုးလာချိန်မှာ ကိုယ်သေသွားပြီ ဆိုတဲ့ သတင်းတု တစ်ပုဒ်ကို တွေ့လိုက်ရတာက ဘာနဲ့မှ မတူပါဘူး၊ ခုချိန်မှာ ကျွန်မ နေကောင်းနေပါတယ်ဆိုတာကို အားလုံးကို ပြောချင်ပါတယ်” ဟု သူမက ရေးသားထားခဲ့သည်။

“ယူကေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတစ်ဦး သေဆုံးသွားပြီ ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့သတင်းဟာ လုံးဝ မမှန်ပါဘူး” ဟု ယူကေ ကျန်းမာရေးနှင့် လူမှု စောင့်ရှောက်ရေးဌာနကလည်း ဧပြီ ၂၆ ရက် နေ့လည်ခင်းတွင် တွစ်တာကနေတဆင့် ပြောသွားသည်။

COVID-19 ကာကွယ်ဆေးတစ်ခုက လော့ခ်ဒေါင်းကနေ လုံးလုံးလျားလျား ထွက်ခွာနိုင်မည့် မဟာဗျူဟာဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်အများအပြားက လက်ခံထားကြသည်။

အလားတူ ကမ္ဘာတဝန်းရှိ သိပ္ပံပညာရှင်များကလည်း အလုံးအရင်းဖြင့် ထုတ်လုပ်နိုင်မည့်ကာကွယ်ဆေးတစ်ခု ထုတ်လုပ်နိုင်ရေးအပြင်းအထန် အားထုတ်နေသည်။

အောက်စ်ဖို့စ်တက္ကသိုလ်မှ ကာကွယ်ဆေးထုတ်လုပ်နေသည့် ပညာရှင်များအဖွဲ့ကမူ စက်တင်ဘာတွင် ကာကွယ်ဆေး dose (တစ်ခါသုံးပမာဏ) ပေါင်း တစ်သန်းထက်မနည်း အသင့်ဖြစ်နေနိုင်မည်ဟု မျှော်လင့်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required