အိန္ဒိယတွင် စာသင်ကျောင်း၌ တစ်ဦးတည်း quarantine ဝင်ခဲ့ရသည့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

အိန္ဒိယတွင် စာသင်ကျောင်း၌ တစ်ဦးတည်း quarantine ဝင်ခဲ့ရသည့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရ

ဧပြီ ၂၇

အိန္ဒိယနိုင်ငံ ရာဂျက်စတန်ပြည်နယ်တွင် စာသင်ကျောင်းတစ်ကျောင်း၌ တစ်ဦးတည်း quarantine (အသွားအလာကန့်သတ်၍ စောင့်ကြည့်စစ်ဆေးမှုခံယူခြင်း) ဝင်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ဧပြီ ၂၆ ရက်တွင် ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတဝန်း လော့ခ်ဒေါင်း (lockdown) ချမှတ်ထားချိန် အဆိုပါ အမျိုးသမီးအား ရဲများက စာသင်ကျောင်းတစ်ကျောင်း၌ တစ်ညတာ quarantine ဝင်စေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်စဉ်သည် ပြီးခဲ့သည့်အပတ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြုကျင့်ခံရသူ အမျိုးသမီးသည် နေ့စားလုပ်သားတစ်ဦးဖြစ်ပြီး သူမသည် ဇာတိရွာသို့ ပြန်ခဲ့စဉ် လမ်းပျောက်သွားခဲ့ပြီး မိုင်ပေါင်းများစွာ တစ်ဦးတည်း လျှောက်သွားနေခဲ့ပြီးနောက် ရဲစခန်းတစ်ခုတွင် ခိုလှုံခွင့် တောင်းခံခဲ့ သည်ဟု သိရသည်။

ယင်းအချိန်တွင် quarantine စင်တာ မရှိသောကြောင့် ဒေသခံရဲများက သူမအား စာသင်ကျောင်း အဆောက်အအုံတစ်ခု၌ တစ်ညတာ ထားရှိခဲ့သည်ဟု သိရပြီး အဆိုပါ ကျောင်းတွင် သူမအား အမျိုးသား သုံးဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဧပြီ ၂၃ ရက်က ကျောင်းဝင်းထဲ ဒီအမျိုးသမီးကို အဓမ္မကျင့်ခဲ့တဲ့ အမျိုးသားသုံးယောက်ကို ဖမ်းပြီး ထောင်ထဲ ပို့ထားပြီးပါပြီ” ဟု ရာဂျက်စတန် ပြည်နယ် Sawai Madhopur ခရိုင်မှ ဒုရဲမှူးတစ်ဦးဖြစ်သည့် ပါ့သ် ရှာမားက ရိုက်တာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောသည်။

အသက် ၄၀ နှစ်မှ ၄၅ နှစ်ကြား အသက်အပိုင်းအခြားရှိ အဓမ္မပြုကျင့်ခံ အမျိုးသမီးက ပြောကြားရာတွင် သူမသည် Sawai Madhopur ကနေ ရက်တချို့ လမ်းလျှောက်ခဲ့ရပြီး ယင်းနောက် ကျေးရွာတစ်ခုသို့ ရောက်ရှိခဲ့ချိန် အဆိုပါရွာတွင် အဓမ္မကျင့်ခံရခြင်းဖြစ်ကြောင်း ပြောသွားသည်။

အဆိုပါ အမျိုးသမီးအား COVID-19  ရှိမရှိ စစ်ဆေးရန် ဒေသ quarantine အဆောက်အအုံတစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း ရှာမားက ပြောသည်။

“ဒီ အမျိုးသမီး သူ့ဘာသာ တစ်ယောက်တည်း အချိန်ဘယ်လောက်ကြာကြာ ရှိနေခဲ့သလဲ ကျွန်တော်တို့ မသိရသေးပါဘူး၊ နောက်ပြီး သူ ဘယ်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သလဲ ဆိုတာနဲ့ သူ့ရဲ့ ဆေးစစ်ချက် ရလဒ် ဘယ်လိုထွက် လဲ ဆိုတာလဲ မသိရသေးပါဘူး” ဟု ရှာမားက ပြောသွားခဲ့သည်။

ယင်းကိစ္စတွင် အငယ်တန်း ရဲဝန်ထမ်းတစ်ဦးကိုလည်း တာဝန်ပေါ့လျော့မှုဖြင့် ရာထူးချထားသည်ဟုလည်း သိရသည်။

အိန္ဒိယတွင် ပြီးခဲ့သည့်လက ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ချမှတ်ခဲ့သော နိုင်ငံတဝန်း လော့ခ်ဒေါင်းအမိန့်ကြောင့် မြို့ကြီးများတွင် အလုပ်အကိုင်များ ဆုံးရှုံးခဲ့သည့် အလုပ်သမား သောင်းချီတို့သည် ကျေးလက်ဒေသရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ရောက်ရှိရန် ရက်များစွာကြာ လမ်းလျှောက်သွားလာနေခဲ့ကြရသည်ဟု သိရသည်။

၎င်းတို့အနက် အများအပြားသည် ယခုအခါ လူပြည့်သိပ်နေသည့် quarantine စင်တာများတွင် ရှိနေပြီး အာဏာပိုင်များအနေဖြင့်လည်း အခြေအနေကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ရန် ရုန်းကန်နေရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required