အီတလီအမျိုးသမီးတစ်ဦး ရက် ၆၀ quarantine ခံယူပြီး သလိပ်နမူနာစစ်ဆေးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဆက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိ

အီတလီအမျိုးသမီးတစ်ဦး ရက် ၆၀ quarantine ခံယူပြီး သလိပ်နမူနာစစ်ဆေးခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ဆက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိ

ဧပြီ ၂၆

အီတလီနိုင်ငံတွင် COVID-19 ရောဂါ ကုသမှုခံယူနေသော အသက် ၂၃ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် နှစ်လကြာ quarantine (ရောဂါခြေချုပ်ဖြင့် နေထိုင်မှု) ခံယူခြင်း၊ သလိပ်နမူနာ စစ်ဆေးမှုများကို အဆက်မပြတ်လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်ရှိနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

Bianca Dobroiu အမည်အရ အဆိုပါ အမျိုးသမီးသည် Sant’Orsola-Malpighi Polyclinic ဆေးရုံသို့ ဖေဖော်ဝါရီ ၂၈ ရက် ရောက်ရှိခဲ့သည်ဟု သိရသည်။ သူမသည် အဖျား ၁၀၅ ဒီဂရီအထက် ရှိနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို သိရှိပြီးနောက် ဆေးရုံတက်ခဲ့ရခြင်း ဖြစ်သည်။

“လေးရက်ကြာပြီးတဲ့နောက် သူမဟာ နေပြန်ကောင်းသွားခဲ့ပါတယ်၊ ဒါပေမယ့် သလိပ်နမူနာထဲမှာတော့ ပိုးက ဆက်ရှိနေဆဲပါ” ဟု ကူးစက်ရောဂါ အထူးကျွမ်းကျင်ပညာရှင် Luciano Attard က ပြည်တွင်းမီဒီယာများကို ပြောသည်။ “ သိရသလောက်တော့ အီတလီမှာ အခြားဘယ်သူမှ ဒီလောက် ကာလအကြာကြီးအထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ဆက်ရှိနေတာမျိုး မရှိပါဘူး၊ ပုံမှန်အားဖြင့် ပိုးဆက်ရှိနေတယ်ဆိုတဲ့ ရလဒ်တွေက လေးပတ်ကျော်ထက် ပိုမကြာပါဘူး၊ နောက်ပြီး သူမဟာ အခြားဘယ်လို ကုထုံးမျိုးမှ ကုသခံခဲ့တာမျိုးလည်း မရှိပါဘူး” ဟု Attard က ပြောသွားသည်။

Dobroiu သည် မတ်လ ၆ ရက်က ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီးနောက် နေအိမ်သို့ ပြန်လာခဲ့ပြီး အိမ်တွင် quarantine ဆက်လက်ခံယူခဲ့သည်ဟု သိရသည်။ ယင်းအချိန်တွင် သူမ၏ နိုင်ငံတွင်လည်း တနိုင်ငံလုံး လော့ခ်ဒေါင်းအမိန့်တစ်ခုကို ချမှတ်ထားခဲ့သည်။

“ရက်ပေါင်း ၅၇ ရက်ကြာပြီးနောက် ဒီမှာ ရလဒ်သစ်တစ်ခု ရလာပါတယ်၊ ကောင်းပါပြီ၊ ဒါက အသစ်တော့ မဟုတ်ပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒါက အပြောင်းအလဲ မရှိလို့ပါ၊ ဘာမှ ပြောင်းလဲမသွားပါဘူး၊ ဒါက ဒီနေ့မှာတော့ ကျွန်မကို နည်းနည်းတော့ ကြောက်လန့်စေပါတယ်” ဟု ဘိုလော့နာမြို့တွင် နေထိုင်၊ အလုပ်လုပ်၊ ပညာဆည်းပူးနေသည့် Dobroiu က facebook တွင် ပြောသွားခဲ့သည်။

ဗိုင်းရပ်စ်လက္ခဏာရပ်ပြသခြင်းမရှိဘဲ ကူးစက်ခံထားရသူတစ်ဦးဖြစ်သည့် Dobroiu တွင် ကိုရိုနာဗိုင်းရပ်စ် ဆက်ရှိနေဆဲဖြစ်ပြီး ရောဂါအခြေအနေ ဆိုးဆိုးရွားရွား ဖြစ်မထားခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သူမက ပြည်တွင်းမီဒီယာများကို ပြောသွားသည်။ “ဒါပေမယ့် ဆရာဝန်တွေကတော့ ကျွန်မကို ပြောထားပါတယ်၊ ကျွန်မဟာ ဗိုင်းရပ်စ် သယ်ဆောင်သူ ဆက်ဖြစ်နေဆဲဖြစ်ပြီး တခြားသူတွေကို ကူးစက်စေနိုင်တုန်းပဲ ဆိုပြီးတော့ပေါ့” ဟု Dobroiu က ပြောသွားသည်။

ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် အီတလီသည် ယင်း၏ လော့ခ်ဒေါင်းချမှတ်ထားမှုကို မေလ ၄ ရက်တွင် ရုပ်သိမ်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ တချိန်တည်းမှာပင် လူဦးရေ သန်း ၆၀ ခန့်ရှိ နိုင်ငံတွင် နေ့စဉ်ပုံမှန်လှုပ်ရှားမှုဘဝကို ဘယ်လိုမျိုး ဘေးကင်းစိတ်ချစွာဖြင့် ပြန်လည်စတင်နိုင်မလဲ ဆိုသည်နှင့်ပတ်သက်၍ အာဏာပိုင်များ ခေါင်းခဲနေရလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly