မေလတွင် တောင်ယာခုတ်မှုမပြုလုပ်နိုင်ပါက ကပ်တဲလ်ရွာ၌ တစ်နှစ်စာရိက္ခာ အခက်အခဲဖြစ်နိုင်

မေလတွင် တောင်ယာခုတ်မှုမပြုလုပ်နိုင်ပါက ကပ်တဲလ်ရွာ၌ တစ်နှစ်စာရိက္ခာ အခက်အခဲဖြစ်နိုင်

ဧပြီ ၂၆

ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ရှိထားသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ရွာသည် မေလတွင် တောင်ယာခုတ်မှု၊ စိုက်ပျိုးမှုမပြုလုပ်နိုင်ပါက တစ်နှစ်စာရိက္ခာအခက်အခဲဖြစ်နိုင်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီးဦးပေါင်လွန်မင့်ထန်က ပြောသည်။

 “ဒါပေမယ့် ဒီကြားထဲ မှာ အလုပ်မလုပ်နိုင်တာတွေ တောင်ယာမခုတ်နိုင်တာတွေတော့ ရှိပါတယ်။ အဲဒီဂယက်က နောက်တစ်နှစ်မှာရှိလာနိုင်တယ်။ အဲဒါကြောင့် နောက်လာမယ့် အချိန်မှာ လာမယ့် နှစ်မှာတော့ ဝမ်းစာဖူလုံရေးက သက်သက်စဉ်းစားရတော့မယ်။ ဝမ်းစာဖူလုံရေးဆိုတာက ဘယ်လိုဖြေရှင်းပေးနိုင်မလဲဆိုတာ အများကြီးစဉ်းစားပေးရတော့မယ်။” ဟု ဦးပေါင်လွန်မင့်ထန် က ပြောသည်။

ချင်းပြည်နယ်တွင် မိုးရွာသည့် မေလတွင် ပြောင်းဖူးစိုက်ခြင်း၊ ပျိုးကျဲခြင်း၊ ပေါင်းရှင်းခြင်းများပြုလုပ်လေ့ရှိ၍ ယခုချိန်တွင် ပေါင်းရှင်းခြင်းများမပြုလုပ်နိုင်ပါက စိုက်ပျိုးရေးတွင် ဒုက္ခရောက်နိုင်ကြောင်းဝန်ကြီးဦးပေါင်လွန်မင့်ထန် က ပြောသည်။

“အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပို့ထားတာရှိတယ်။ ဒါပေမယ့် အခုအချိန်က တောင်ယာခုတ်တဲ့ အချိန်ဖြစ်နေပြီ ။တမူး၊တမူးနယ်စပ်နဲ့ ကပ်တဲလ်က ရှေ့လျှောက်ဒုက္ခရောက်နိုင်တယ်။ ကျွန်တော်တို့သူတို့ကို အာမခံမပေးနိုင်ဘူး။ ဆက်ပြီးမကူညီနိုင်ဘူး။ ကပ်တဲလ်ရွာက တောင်ပေါ်ရွာဖြစ်ပေမယ့် လူနည်းနည်းများတယ်။ အိမ်ခြေ ၇၀၀ကျော်လောက်ရှိတော့ ဒီဟာအတွက်စိန်ခေါ်မှု နည်းနည်းများတယ်။” ဟု  ဦးပေါင်လွန်မင့်ထန် က ပြောသည်။

လက်ရှိတွင် တစ်ပတ်ကို သုံးရက်ခန့် မိုးရွာနေပြီဖြစ်၍ စပါးပျိုးကြဲမှုကို အစိုးရခွင့်ပြုချက်ဖြင့် တစ်အိမ်ထောင်လျှင် သုံး‌ယောက်နှုန်းဖြင့် ပျိုးကြဲခွင့် ပေးထားသော်လည်း ပေါင်းရှင်းခြင်းကို ခွင့်ပြုထားခြင်းမရှိကြောင်းသူက ဆိုသည်။

“ မျိုးစေ့ချတာပဲရှိတယ်။ ကျန်တာက ပေါင်းရှင်းဖို့ ခွင့်ပြုချက်မရနိုင်ဘူး။ သက်ဆိုင်ရာက ခွင့်ပြုလိုက်တာက မျိုးစေ့ချတာလောက်ပဲရှိတယ်။ တောင်ယာဘက်မှာ ပေါင်းရှင်းဖို့ ဘယ်သူမှ ခွင့်မပြုသေးဘူး။ ခွင့်ပြုမယ်ဆိုရင် ကိုယ့်တောင်ယာဆီသွားကုန်ရင် ရုတ်ရုတ်သဲသဲဖြစ်ကုန်မှာစိုးလို့ အဲဒီလို အတားအဆီးလုပ်ထားတာ။ ဆက်ဖြစ်မှာက အများကြီး တစ်နှစ်စာ ဝမ်းစာအတွက် ဒုက္ခရောက်ကုန်မှာ။” ဟု ဦးဒိုဇွာတောင် က ပြောသည်။

ကပ်တဲလ်ရွာတွင် လက်လုပ်လက်စားထက် အခြေအနေပိုဆိုးသည့် တစ်ပတ်စာအကြွေးယူပြီး တစ်ပတ်စာအလုပ်လုပ်ကာ ပြန်ဆပ်ရသည့် သူရင်းဌားအလုပ်သမားများလည်းရှိကြောင်း သူကပြောသည်။

လက်ရှိ ကန့်သတ်ထားသည့် ကာလအတွက် အစိုးရနှင့် NGO အဖွဲ့အစည်းများက လှူဒါန်းထားသည်များရှိသော်လည်း Lockdown ကာလအလွန်တွင် အတော်ကြိုးစားရုန်းကန်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“Lockdown ချထားတာ အခုတစ်လကျော်ပြီဆိုတော့ တစ်လအတောအတွင်းမှာ ပုံမှန်လုပ်မယ့် အစီအမံတွေက ဒီအတိုင်းထားလိုက်တော့ ဒီတစ်လကျော်အတွင်းမှာ ပစ်ထားလိုက်ရတဲ့ အလုပ်တွေ၊ ပေးဆပ်ရမယ့်ငွေပမာဏတွေ၊ ကိုယ့်ရမယ့် ခန့်မန်းချေ စာရင်းတွေဆိုတာ ဒီတစ်သက်လုံးမှာမှပြန်မဆပ်နိုင်တဲ့ ကဏ္ဍမှာရောက်နေတော့ ဒါတွေက ကိုယ့်အတွက်လည်း နာတယ်။ နောက်ပြီးတော့ ကိုယ်ကာကွယ်ထိန်းချုပ် တားဆီးလိုက်ခြင်းဖြင့် တီးတိန်မြို့နဲ့ ချင်းပြည်နယ်တစ်ခုလုံးတင်မကဘူး၊ မြန်မာတစ်နိုင်ငံလုံးပါ ထိရောက်မယ်ဆိုပြီး ထားတာ။ မလုပ်လိုက်ဘဲ ဒီအတိုင်းထားလိုက်တာဆိုရင် ကျွန်တော်တို့ မကိုက်ဘူးပေါ့။ ကျွန်တော်တို့ Lockdwn ပြီးတဲ့ အချိန်အထိ ပိုပြီးကြိုးစား၊ပမ်းစားနဲ့ လုပ်နေမှ ကိုယ့်ဘဝအတွက် စားရေးသောက်ရေးကအစ ပိုပြီးဖူလုံမှ ဖြစ်မှာ။” ဟု ဦးဒိုဇွာတောင် က ပြောသည်။

ကပ်တဲလ်ရွာသည် အိမ်ခြေ ၆၉၄ အိမ်ရှိပြီး လူဦးရေ ၃၆၁၁ ဦးနေထိုင်ကာ လယ်ဧက ၁၂၀ နီးပါးရှိပြီး မွေးမြူရေးနှင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးမှုအနေဖြင့် စပါး၊ပြောင်းဖူးနှင့် ပဲများကိုစိုက်ပျိုးကြောင်းနှင့် တမူးနယ်စပ်မှတဆင့် အိန္ဒိယသို့ အများဆုံးတင်ပို့ကာ လေးပုံ တစ်ပုံသာ တီးတိန်မြို့သို့ တင်ပို့ကြောင်းသိရသည်။

အလားတူ နွား၊ နွားနောက်နှင့် မြင်းတို့ကို ပစ္စည်းသယ်ယူရေးနှင့် အခြားအသုံးပြုမှုအတွက် အဓိကထား မွေးမြူကြောင်း သိရသည်။

လက်ရှိတွင် ချင်းပြည်နယ်အစိုးရအဖွဲ့က COVID-19 လူနာတွေ့ရှိခဲ့သည့်နေရာများအား သွားလာဝင်ထွက်ခွင့်ကို တစ်ပတ်ခြင်းတိုးမြှင့်သွားရန် ဧပြီ ၂၁ရက်က ဆုံးဖြတ်ထားပြီး ဧပြီ ၂၈ရက်အထိ Lockdown ချခံထားရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပထမဆုံးတွေ့ရှိသူမှာ ရောဂါပိုးကင်းသည့် လက္ခဏာ negative တစ်ကြိမ်ပြကာ ကျန်းမာရေးအခြေအနေကောင်းမွန်လာသောကြောင့် နောက်တစ်ကြိမ် Negative ပြသည့် အခြေအနေရှိပါက ကပ်တဲလ်ရွာကို သွားလာခွင့် အကန့်အသတ်ပြုလုပ်ထားခြင်းကို ဖြေလျော့ပေးမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly