COVID-19 ဆေးဝါးကို ဉာဏ်ရည်တုနည်းပညာ သုံးပြီး အောက်စဖို့ဒ်ပညာရှင်များ ဖော်စပ်နေ

COVID-19 ဆေးဝါးကို ဉာဏ်ရည်တုနည်းပညာ သုံးပြီး အောက်စဖို့ဒ်ပညာရှင်များ ဖော်စပ်နေ

ဧပြီ ၂၆

အောက်စဖို့ဒ်က ဆေးပညာဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ ဉာဏ်ရည်တုနည်းပညာ သုံးပြီး COVID-19 ကုသဆေးကို ဖော်စပ်လျက် ရှိနေတယ်လို့ သိရပါတယ်။

အောက်စဖို့ဒ် အခြေစိုက် ဆေးသိပ္ပံကုမ္ပဏီတစ်ခုဖြစ်တဲ့ Exscientia ကုမ္ပဏီက သိပ္ပံပညာရှင်တွေဟာ ဉာဏ်ရည်တု နည်းပညာသုံးပြီး တစ်နှစ်အတွင်းမှာ COVID-19 ဆေးဝါးကို ရှာတွေ့နိုင်မယ်လို့လည်း မျှော်လင့်လျက် ရှိနေပါတယ်။

ဒီ ပညာရှင်အဖွဲ့ဟာ ကယ်လီဖိုးနီးယားအခြေစိုက် Calibr Institute သုတေသနစင်တာကနေ လူကို ဘေးမဖြစ်စေတဲ့ စမ်းသပ်ဆဲ မော်လီကျူးဆေးဝါး ၁၂၀၀၀ ကို မတ်လလယ်က လက်ခံရရှိခဲ့တာပါ။

ဓာတ်ခွဲခန်းမှာ SARS-CoV-2 ရောဂါပိုးမှ ပရိုတိန်းလေးမျိုးကို ရွေးထုတ်ပြီး ဒီ ဆေးဝါးတွေနဲ့ မော်လီကျူးတွေအပေါ် သက်ရောက်မှု ရှိမရှိကို စမ်းသပ်စစ်ဆေးလျက် ရှိနေတာ ဖြစ်ပါတယ်။

တစ်ခါမှ မြင်ဖူးကြမှာ မဟုတ်တဲ့ ဆေးဝါးဖြစ်တဲ့ မော်လီကျူး သက်ရောက်မှု ဆေးဝါးတစ်မျိုးကို ထုတ်လုပ်ဖို့ စဉ်းစားတာဟာ တကယ့် လိုအပ်ချက်တစ်ရပ်ပဲ ဖြစ်တယ်လို့ ဆေးသိပ္ပံပညာဆိုင်ရာ ညှိနှိုင်းရေးမှူး အူဒီအီချယ်လီယာက ပြောပါတယ်။

COVID-19 ကာကွယ်ဆေးနဲ့ ကုသဆေး ထုတ်လုပ်နိုင်ရေးအတွက် ကမ္ဘာတစ်လွှားက ဆေးဝါးကုမ္ပဏီတွေနဲ့ သုတေသနပညာရှင်တွေဟာ အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိနေကြပါတယ်။

မကြာသေးခင် ရက်ပိုင်းကလည်း အောက်စဖို့ဒ်တက္ကသိုလ်က ပညာရှင်အဖွဲ့ဟာ အောင်မြင်ဖို့ ၈၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို လူရာပေါင်းများစွာမှာ ထိုးနှံပြီး စတင်စမ်းသပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ရှိမှာ တစ်ကမ္ဘာလုံး သေဆုံးသူ နှစ်သိန်းကျော် ရှိသွားပြီဖြစ်ပါတယ်။ ကူးစက်ဖြစ်ပွားသူပေါင်းဟာလည်း ၂ ဒသမ ၈ သန်းကျော်အထိ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly