ကိုရိုနာဗိုင်းရပ်စ်က ဘတ်စ်ကားနှင့် ရထားပေါ်ရှိ ပလတ်စတစ်နှင့် သံမဏိမျက်နှာပြင်များပေါ်တွင် ၇၂ နာရီကြာ ရှင်သန်နိုင်ဟု နယူးယော့ခ်အုပ်ချုပ်ရေးမှူး ပြော

ကိုရိုနာဗိုင်းရပ်စ်က ဘတ်စ်ကားနှင့် ရထားပေါ်ရှိ ပလတ်စတစ်နှင့် သံမဏိမျက်နှာပြင်များပေါ်တွင် ၇၂ နာရီကြာ ရှင်သန်နိုင်ဟု နယူးယော့ခ်အုပ်ချုပ်ရေးမှူး ပြော

ဧပြီ ၂၆

ကိုရိုနာဗိုင်းရပ်စ်၏ ရှင်သန်တည်ရှိနိုင်မှုနှင့်ပတ်သက်သည့် ထိတ်လန့်ဖွယ်ရာ အသေးစိတ်အချက်အလက်သစ်များကို  နယူးယော့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြည်နယ်သူပြည်နယ်သားများကို ပြောကြားသွားခဲ့သည်။

ယင်းဗိုင်းရပ်စ်က လေထဲတွင် သုံးနာရီအထိ ရှိနေနိုင်ပြီး ရထားများ၊ ဘတ်စ်ကားများပေါ်တွင် ပုံမှန်တွေ့ရလေ့ရှိသည့် ပလတ်စတစ်နှင့် သံမဏိမျက်နှာပြင်များပေါ်တွင်လည်း သုံးရက်ကြာအထိ ရှင်သန်နေနိုင်ကြောင်း Cuomo က ပြောသွားခဲ့သည်။

လက်ရှိအချိန်အထိ နယူးယော့ခ်မြို့တော်၏ စီရင်စုငါးခုတွင် COVID-19 ရောဂါက မည်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်လဲ ဆိုသည်နှင့် မည်သည့်အတွက်ကြောင့် မြို့တော်နယ်နမိတ်အတွင်းရှိ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (MTA) ၏ ဝန်ထမ်းအလုပ်သမားများ ယင်းရောဂါကြောင့် ကြီးကြီးမားမား ထိခိုက်ခံစားခဲ့သလဲ ဆိုသည်တို့ကို အထက်ပါ ထိတ်လန့်ချောက်ချားဖွယ်ရာ အချက်အလက်သစ်များက ရှင်းပြကောင်း ရှင်းပြနိုင်ပေလိမ့်မည်။

“သန့်ရှင်းရေးနဲ့ ပိုးသတ်ရေး ဆိုင်ရာ လုပ်နည်းကိုင်နည်းအသစ်တွေ ဘယ်လို ကြံဆဖော်ဆောင်သွားရမလဲ ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ လုပ်ဆောင်နေပါပြီ” ဟု Cuomo က ပြောသည်။ ယခုတွေ့ရှိချက်များသည် “၎င်းအတွက် အလွန်ဆိုးရွားသည့် တွေ့ရှိချက်များ” ဖြစ်သည်ဟု Cuomo က ပြောသွားခဲ့သည်။

MTA က ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ထုတ်ပြန်ခဲ့ရာတွင် COVID-19 ကြောင့် ယင်း၏ ဝန်ထမ်း ၈၄ ဦး အသက်ဆုံးရှုံးသွားခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ၈၂ ဦးသည် အေဂျင်စီ၏ မြေအောက်မီးရထားနှင့် မြို့တွင်း ဘတ်စ်ကား ဌာနခွဲများတွင် အလုပ်လုပ်ခဲ့သူများဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ဖြစ်ပွားပြီးနောက် ယင်း၏ ဝန်ထမ်း ၃,၃၅၂ ဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် ဝန်ထမ်း ၃,၃၆၈ ဦးကိုလည်း နေအိမ်တွင် နေကြရန် ညွန်ကြားထားရကြောင်း MTA တာဝန်ရှိသူများက ပြောသည်။

အဆိုပါ သယ်ယူပို့ဆောင်ရေးအေဂျင်စီအနေဖြင့် ယခုအခါ ဘူတာရုံ၊ ကားဂိတ်များနှင့် ထိတွေ့မှုများပြားသည့် ဧရိယာများကို တစ်နေ့လျင် နှစ်ကြိမ် ပိုးသတ်ပေးလျက်ရှိကြောင်း၊ ရထားစက်ခေါင်းနှင့် တွဲများကိုလည်း တစ်နေ့လျင် တစ်ကြိမ် ပိုးသတ်နေကြောင်းနှင့် ဝန်ဆောင်မှုဆောင်ရွက်နေသည့် ယာဉ်အစုအဖွဲ့တစ်ခုလုံးကိုလည်း ၇၂ နာရီအတွင်း အလှည့်ဖြင့် အပြောင်းအလဲလုပ်နေကြောင်း MTA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားသည်။

ယခုအခါ မြေအောက်ရထားနှင့် ဘတ်စ်ကား ဝန်ထမ်းအများစုအပါအဝင် သယ်ယူပို့ဆောင်ရေး အေဂျင်စီ၏ ဝန်ထမ်းလုပ်သား ၆,၄၀၀ ကျော် တို့သည် ပြန်လည်သက်သာကောင်းမွန်လာပြီး လုပ်ငန်းခွင် ပြန်ဝင်လာခဲ့ကြပြီဟုလည်း သိရသည်။

“ဒါက ကျွန်တော်တို့ သိထားသင့်တဲ့ အကြောင်းအရာတစ်ခုပါ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက လူတိုင်း သိထားဖို့လိုတဲ့ အကြောင်းအရာဖြစ်ပါတယ်၊ ဗိုင်းရပ်စ်က ပလတ်စတစ်မျက်နှာပြင်တွေနဲ့ အစွန်းခံ သံမဏိ မျက်နှာပြင်တွေပေါ်မှာ ၇၂ နာရီကြာ ရှင်သန်နိုင်ပါတယ်၊ ဒါက ဘတ်စ်ကားတစ်စီးပေါ်က တိုင်တစ်တိုင်ပေါ်မှာ ဒါမှမဟုတ် ထိုင်ခုံတစ်ခုံပေါ်မှာ ၇၂ နာရီကြာ ရှင်သန်နိုင်ပါတယ်၊ သူတို့တွေက အရည်အစက်တွေအကြောင်း ပြောနေကြချိန်မှာ ဒါ အရည်အစက်တစ်ခုလို့ ကျွန်တော်လည်း တွေးမိပါတယ်၊ ပြီးတော့ အဲဒါက အောက်ကို ကျသွားတယ်မဟုတ်လား ၊ အဲဒါက လေထဲမှာ သုံးနာရီထိ ရှိနေနိုင်တဲ့ အရည်အစက်တစ်ခုပါ” ဟု Cuomo က ပြောသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်သည် နယူးယော့ခ်ပြည်နယ်တွင် လူပေါင်း ၂၇၁,၀၀၀ ကျော်ကို ကူးစက်ထားစေခဲ့ပြီး ပြည်နယ်တစ်ဝန်း သေဆုံးသူ ၁၆,၀၀၀ ကျော်အထိ ရှိထားစေခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly