မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်မှုဘေးရှိ၍ တရုတ်နိုင်ငံသားများ သွားရောက်ခွင့် ယာယီပိတ်ပင်

မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်မှုဘေးရှိ၍ တရုတ်နိုင်ငံသားများ သွားရောက်ခွင့် ယာယီပိတ်ပင်

ဧပြီ ၂၅

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများဖြစ်ပွားနေ၍ တရုတ်နိုင်ငံသားများ မြန်မာပြည်သို့ သွားရောက်ခွင့်ကို ယာယီပိတ်ပင်လိုက်ကြောင်းနှင့် ခိုးဝင်ခိုးထွက်ပြုလုပ်ပါက ထောင်ဒဏ်အထိ အရေးယူခံရမည်ဟု တရုတ်- မြန်မာနယ်စပ်နေသူများကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက အရေးပေါ်ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

ရက် ၆၀ ကြာ ပိတ်ပင်ထားလိုက်ပြီး မြန်မာပြည်တွင ်ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုအခြေအနေပေါ် မူတည်၍ ကန့်သတ်မှုကာလကို ထပ်တိုးနိုင်သည်ဟုလည်း ညွှန်ကြားချက်တွင် ပါရှိသည်။

ရွှေလီအစိုးရက နယ်စပ်ဒေသကျေးရွာအသီးသီးမှ ရပ်ကျေးပါတီအတွင်းရေးမှူးများနှင့် အုပ်ချုပ်ရေးမှူးများကို ဆင့်ခေါ်၍ ယူနန်ပြည်နယ်အစိုးရ၏ အရေးပေါ်ညွှန်ကြားချက်ကို ရွှေလီတွင်  ဧပြီ ၂၄ ရက်နေ့က ပြန်လည် ရှင်းပြခဲ့သည်။

"ဤစည်းကမ်းသတ်မှတ်ချက်ကိုကျူးလွန်သည့်မည် သည့်ရွာသားမဆိုတစ်ရွာလုံးကတာဝန်ယူရမည်။
 တရွာလုံးကခံစားနေရသောထောက်ပံ့ကြေးများကို အစိုးရမှဖြတ်တောက်ပစ်ခြင်းခံရမည်။"ဟု လည်း ညွှန်ကြားချက်တွင် ပါရှိသည်။

တရုတ်အစိုးရက နယ်စပ်လုံခြုံရေးအတွက် စစ်သား ၆၀၀ ကို အင်အားဖြည့်ထားပြီး နေ့အချိန်တွင် နယ်ခြားစောင့်ရဲနှင့် ပြည်သူ့ရဲတို့က စောင့်ကြပ်သွားမှာဖြစ်ကာ ညအချိန်တွင် စစ်တပ်က တာဝန်ယူမည်ဟု ဆိုသည်။
 
"ခိုးထွက်သွားပြီးရောဂါကူး ဆက်လာပါကကြီးလေးသောပြစ်ဒဏ်ပေးခြင်းခံရမည်။" ဟု ကြေညာချက်တွင် ပါရှိသည်။  

ထို့အပြင် မြန်မာနိုင်ငံသားများကိုလည်း တရုတ်ပြည်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သည်။

ရှမ်းပြည်နယ် မူဆယ်မှ တရုတ်နိုင်ငံသို့ အဓိက ဝင်ထွက်နေသော တရားဝင်ဂိတ်ပေါက်သုံးခုဖြစ်သည့် နန်းတော်ပေါက် ( ခေါ်) အလယ်ပေါက်၊  ဆင်ဖြူပေါက်နှင့် မန့်ဝန်းပေါက်ဟု၍ သုံးဂိတ်ရှိရာ ကုန်တင်ကားများဝင်ထွက်ခွင့် ရှိသော မန့်ဝန်းပေါက်ကိုသာ ယခုအခါ ဖွင့်ထားပေးသည်။

မြန်မာဘက်မှ ကုန်ကားမောင်းသမားများက ကားကို မန့်ဝန်းတွင် တရုတ်ကားမောင်းသူသို့ လွှဲပြောင်းပေးရသည်။

ထို့အတူ မြန်မာသစ်သီးကားများ အဓိကဝင်ပေါက်ဖြစ်သည့် မိုင်းယု ကျင်ဆန်းကျော့ဂိတ်တွင်လည်း တရုတ်ဘက်က ကားမောင်းသမားများက လွှဲပြောင်းယူသည်။

 တရုတ်ဘက်က နယ်စပ်ဂိတ်များကို ဧပြီ ၁ ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်သော်လည်း
တရုတ်နိုင်ငံသားများ မြန်မာပြည်အတွင်းသို့ ခိုးဝင်ခိုးထွက်မှုများက ထုံးစံအတိုင်း ရှိနေခဲ့သည်။ ယခုအခါ အာဏာပိုင်များမျက်စိမှိတ်နေလေ့ရှိသော  ခိုးဝင်ခိုးထွက်ဂိတ်များကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

" အရင်က မြစ်ဆိပ်ကနေ စက်လှေတွေနဲ့ ခိုးသွားနေတာ သိသိကြီးပေးထားတယ်။ ခုနောက်ပိုင်းတော့ လှေတွေကိုပါ ကရိန်းကားတွေနဲ့ လိုက်သိမ်းနေတာ" ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ဧပြီ ၂၃ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် ရှမ်းပြည်နယ် မူဆယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။  အရပ်ဝတ်ဝတ်ဆင်ထားသူများက ကားတစ်စီးနှင့်ရောက်လာပြီး တရုတ်နိုင်ငံမှာ ခြံစည်းရိုးသာခြားသော ပန်းဆေးပြည်သူ့ စစ်ပိုင် ကာစီနိုရုံအဆောက်အဦကို လှမ်းပစ်ခတ်သွားခဲ့သည်။ 

ထိုပစ်ခတ်မှုကြောင့် " တရုတ်ပြည်ဘက်ကို (လက်နက်ကျည်) နှစ်လုံး သုံးလားကျတယ်'" ဟု မူဆယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။

တရုတ်နိုင်ငံပိုင် CCTV ရုပ်မြင်သံကြားက ပြသရာတွင် ယူနန်ပြည်နယ်က ကားများ၊  စာသင်ကျောင်းတစ်ကျောင်းနှင့် အခြားအဆောက်အဦများ   ပျက်စီးနေမှုများ ပါရှိသည်။ သို့သော်လည်း လူအသေအပျောက်မရှိကြောင်း သိရသည်။
 
မူဆယ်နှင့်အနီးတဝိုက် အစိုးရပုန်ကန်သောအဖွဲ့များ၊ အစိုးရနှင့်ဆက်ဆံရေးကောင်းသော အဖွဲ့များဖြင့် လက်နက်ကိုင်ပေါင်းစုံလှုတ်ရှားလေ့ရှိသည်။
 
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ဆိုးဖြင့်ကျော်ကြားသော ပန်းဆေးပြည်သူ့စစ်နှင့် နိုင်ငံရေးပြိုင်ဘက်အဖွဲ့များမှာ TNLA တအာင်းပလောင်အဖွဲ့နှင့် မူဆယ်နယ်အတွင်း စီးပွားရေးအရကော၊ လှုတ်ရှားနယ်မြေများ ထိစပ်နေသော KDA ကောင်းခါးပြည်သူ့စစ်အဖွဲ့တို့ရှိသည်။

သို့သော် TNLA က ၎င်းတို့ မဟုတ်ကြောင်း ကြေညာချက်ထုတ် ငြင်းဆိုထားသည်။
 
 မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ဆက်ဆံရေးကောင်းသည့် ကောင်းခါးပြည်သူ့စစ်ထံမှ လက်နက်ရာပေါင်းများစွာ တပ်မတော်က ကျော်ဖြုတ်သိမ်းခဲ့မှု မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly