WHO ၏ ပဲ့ကိုင်ရှင် ဒေါက်တာတက်ဒရော့စ်

ဧပြီ ၂၅

တက်ဒရော့စ်အက်ဒ်ဟာနွမ်ဂေဘရေရယ်ဆွတ်သည် အီသီယိုးပီးယားနိုင်ငံ၏ကျန်းမာရေးစနစ်ကို အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့သည့်အတွက် ပညာရှင်အများက ချီးမွမ်းခဲ့ကြသော်လည်း အငြင်းပွားဖွယ် ပုဂ္ဂိုလ်အဖြစ် ကာလရှည်ကြာဖြတ်သန်းခဲ့ပြီး COVID-19 ကပ်ရောဂါက သူ့အတွက် အကြီးမားဆုံး စမ်းသပ်မှုတစ်ခုဖြစ်လာသည်။

တက်ဒရော့စ် အသက် ၇ နှစ်အရွယ်က သူ့မျက်စိရှေ့တွင်ပင် ညီဖြစ်သူ ဖျားနာပြီး သေဆုံးခဲ့သည်။ ထိုအချိန်က အီသီယိုးပီးယားတွင် ကျန်းမာရေးစနစ်  မကောင်းခဲ့ပေ။ တက်ဒရော့စ်၏ အင်တာဗျူးကို ကြည့်ဖူးသူမှန်သမျှ ဤအကြောင်းကို သိကြမည်ဖြစ်သည်။

တက်ဒရော့စ်သည် ကမ္ဘာတစ်ဝန်းကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်စေရန် ကတိကဝတ်ပြုပြောကြားသည့်အခါတိုင်း သူ၏ဘဝအတွေ့အကြုံကို ထုတ်ဖော်ပြောလေ့ရှိသည်။ ၂၀၁၇ ခုနှစ်တွင် WHO ၏ ညွှန်ကြားရေး မှူးချုပ်ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့်အခါ သူကြုံတွေ့ခဲ့ရသကဲ့သို့ ဆင်းရဲမွဲတေမှုကြောင့် လူများသေဆုံးသည်ကို လက်မခံနိုင်ကြောင်း ပြောခဲ့သည်။ ညီဖြစ်သူ အချိန်မတိုင်ခင် ကွယ်လွန်ခဲ့ခြင်းက သူ့ကို ကျန်းမာရေးလုပ်ငန်းများ နေ့စဉ်လုပ်ဆောင်ရန် တွန်းအားဖြစ်စေခဲ့သည်ဟု တက်ဒရော့စ် ပြောခဲ့သည်။

အီသီယိုးပီးယား၌ ကျန်းမာရေးစနစ်ပြုပြင်ပြောင်းလဲမှု

အသက် ၅၅ နှစ်ရှိပြီဖြစ်သည့် တက်ဒရော့စ်သည် ကျန်းမာရေးကျွမ်းကျင်ပညာရှင်အဖြစ် နှစ်ပေါင်းများစွာ မြှုပ်နှံခဲ့သည်။ ၁၉၉၀ ကျော်နှစ်များက ယူကေတွင် ကူးစက်ရောဂါအကြောင်း လေ့လာခဲ့ပြီး ပြည်သူ့ကျန်းမာရေးတွင် ပါရဂူဘွဲ့ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အီသီယိုးပီးယားကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံ့ကျန်းမာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် တာဝန်ပေးအပ်ခြင်းခံရသည်။ အဆိုပါ ခုနစ်နှစ်အတွင်း၌ အီသီယိုးပီးယားသည် ကျန်းမာရေးစင်တာအသစ် ထောင်ပေါင်းများစွာ တည်ဆောက်ခဲ့ပြီး ဝန်ထမ်းပေါင်းများစွာ ခန့်အပ်ခဲ့သည်။

ကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံများစွာ ထောက်ပံ့ပေးခဲ့ပြီး နိုင်ငံ့သမိုင်းတစ်လျှောက် ပထမဆုံးအနေဖြင့် ကျန်းမာရေးအာမခံစနစ်ကို မိတ်ဆက်ခဲ့သည်။ ဆေးဘက်ဆိုင်ရာ ကျောင်း ၃ ကျောင်းမှ ၃၃ ကျောင်းအထိ တိုးချဲ့ခဲ့ပြီး ဆရာဝန်များကိုလည်း ဆတိုးမွေးထုတ်ပေးခဲ့သည်။ တီဘီရောဂါ၊ ငှက်ဖျားရောဂါနှင့် AIDS ရောဂါကြောင့် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းခဲ့ပြီး  တချို့ရောဂါများတွင်  ၉၀ % အထိ သေဆုံးမှုနှုန်းကျဆင်းခဲ့သည်။

တက်ဒရော့စ်သည် အီသီယိုးပီးယားကျန်းမာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်စဉ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် လုပ်ဆောင်နေစဉ်အတွင်း မိခင်နှင့်ကလေးကျန်းမာမှု စောင့်ရှောက်ရေးတိုးတက်အောင် ဆောင်ရွက်နိုင်သည့်အတွက် ချီးမွမ်းမှုများစွာခံခဲ့ရသည်။ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း ဝန်ကြီးချုပ် Hailmariam Desalegn လက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကာလဝမ်းရောဂါဖြစ်ပွားမှုကို ဖုံးကွယ်ခဲ့သလား

သို့သော် တက်ဒရော့စ်၏ နိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်နေမှုများကို တစ်ပြည်နယ်သားတိုင်းက သဘောတူခဲ့ကြသည်မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က နိုင်ငံတွင်း ကူးစက်ရောဂါဖြစ်ပွားမှုအပေါ် ၎င်း၏တုံ့ပြန်မှုကို မနှစ်မြို့ခဲ့ကြပေ။ ဥပမာ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အီသီယိုးပီးယား၌ ကာလဝမ်းရောဂါ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့မှုကို အလေးမမူခဲ့သောကြောင့် တက်ဒရော့စ်အား ပြစ်တင်စွပ်စွဲခဲ့ကြသည်။

“ဆေးပညာအထောက်အထားအရ ကာလဝမ်းရောဂါဖြစ်ပေမယ့် အီသီယိုးပီးယားကျန်းမာရေး အာဏာပိုင်တွေနဲ့ အင်တာဗျူးလုပ်တော့ ဝမ်းလျှောရောဂါလို့ ပြောတာပဲ အဆက်မပြတ် ကြားခဲ့ရတယ်” ဟု DW သတင်းဌာန၏ အီသီယိုးပီးယားပိုင်းဌာနအကြီးအကဲ Ludger Schadomsky က ပြောသည်။

၂၀၁၇ ခုနှစ်တွင် တက်ဒရော့စ်အား WHO အကြီးအကဲအဖြစ် ခန့်အပ်ပြီးနောက် ကာလဝမ်းရောဂါ အဆိုးရွားဆုံးခံစားခဲ့ရသော အီသီယိုးပီးယား၏ Amhara နှင့် Oromo အဓိကလူမျိုးစုကြီးနှစ်စုသည် ဂျနီဗာရှိ WHO ရုံးချုပ်ရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ တက်ဒရော့စ်သည် လူနည်းစု Tigray လူမျိုးစုမှဖြစ်သည်။ အဆိုပါလူမျိုးစုသည် အီသီယိုးပီးယားလူဦးရေ၏ ၆ % ခန့်သာရှိပြီး နိုင်ငံရေးလောကကို ဆယ်စုနှစ်ပေါင်းများစွာ လွှမ်းမိုးထားသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ Kassahun က တက်ဒရော့စ် WHO အကြီးအကဲဖြစ်လာသည်ကို သူ့အနေဖြင့် စိုးရိမ်ကြောင်း DW  ကိုပြောခဲ့သည်။ “ သူ ကျန်းမာရေးဝန်ကြီးဘဝတုန်းက ကာလဝမ်းရောဂါကို ဖုံးကွယ်ခဲ့လို့ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်၊ ဒီလိုရာထူးနေရာမျိုးအတွက် သူ့ကို ခန့်အပ်တာ တကယ့်ကို စဉ်စားစရာပဲ” ဟု Adefris ကပြောသည်။ တက်ဒရော့စ်သည် အတိုက်အခံများနှင့် သတင်းထောက်များကို နှိပ်ကွပ်ခဲ့သော အာဏာရှင်အစိုးရ၏ အစိတ်အပိုင်းဖြစ်သည့်အတွက် WHO အကြီးအကဲအဖြစ် ၎င်းဝင်ရောက်ယှဉ်ပြိုင်စဉ်ကာလတွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း ပြစ်တင်ဝေဖန်ခဲ့သည်။

WHO ကို ပြုပြင်ပြောင်းလဲခြင်း

တက်ဒရော့စ်သည် ကုလသမဂ္ဂအဖွဲ့ဝင် အာဖရိကနိုင်ငံ ၅၅ နိုင်ငံ၏ ထောက်ခံပေးမှုဖြင့် WHO ဥက္ကဋ္ဌနေရာကို ရရှိခဲ့ကြောင်း စောင့်ကြည့်လေလာသူများက သတိထားမိခဲ့ကြသည်။ အာဖရိကအနေဖြင့် ကုလအဖွဲ့တွင် ပထမဆုံး အကြီးအကဲရာထူးရရှိခဲ့ခြင်းဖြစ်၍ အာဖရိကတစ်တိုက်လုံးက လူများသည် လူမှုမီဒီယာ၌ ဝမ်းမြောက်ကြောင်း ပြသခဲ့ကြသည်။ ထိုအချိန်မှစ၍ ကျွမ်းကျင်ပညာရှင်များသည် WHO အား ပြုပြင်ပြောင်းလဲမှုများလုပ်ရန် တက်ဒရော့စ်၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံခဲ့ကြသည်။ တက်ဒရော့စ်၏ရှေ့၌ တာဝန်ထမ်းဆောင်ခဲ့သည့် WHO အကြီးအကဲဟောင်း မာဂရက်ချန်လက်ထက် ၂၀၁၃-၂၀၁၄ ခုနှစ်များတွင် အနောက်အာဖရိက၌ အီဘိုလာကူးစက်ရောဂါဖြစ်ပွားခဲ့ပြီး WHO ၏ ချို့ယွင်းအားနည်းများအနက် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။

အမေရိကန်နှင့်တင်းမာသောဆက်ဆံရေး

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်တွင် တက်ဒရော့စ်သည် တရုတ်အစိုးရအား လွန်ကဲသောမျက်နှာသာပေးမှုများရှိခဲ့ပြီး ဆောင်ရွက်ချက်များနှေးကွေးလွန်းသည်ဟု ဝေဖန်ရေးသမားများက ရှုတ်ချခဲ့ကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO အား ဘဏ္ဍာငွေထောက်ပံ့မှု ယာယီရပ်ဆိုင်းသည်အထိ ဖြစ်ခဲ့သည်။ ဝေဖန်မှုများစွာရှိနေသော်လည်း  တက်ဒရော့စ်သည် နိုင်ငံခြားရေးဝန်ကြီးတာဝန်ထမ်းဆောင်စဉ်က တရုတ်ခေါင်းဆောင်များနှင့် ရင်းနှီးသောဆက်ဆံရေးများရှိခဲ့ပြီး အီသီယိုးပီးယားသည် တရုတ်အတွက် အရေးပါသော ဗျူဟာမြောက် မိတ်ဖက်အဖြစ် ဆက်ရှိနေဆဲမှာ မငြင်းနိုင်သည့်အချက်ဖြစ်သည်။

တက်ဒရော့စ်နှင့် ဒေါ်နယ်ထရမ့်၏ ပဋိပက္ခမှာလည်း အဆန်းမဟုတ်ပေ။ တက်ဒရော့စ် WHO အကြီးအကဲမဖြစ်ခင်နှင့် ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွားခင်အချိန် ၂၀၁၇ ခုနှစ်၌ ထရမ့်က WHO အတွက် အမေရိကန် ရန်ပုံငွေထည့် ဝင်မှုကို ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။ တက်ဒရော့စ်က ထိုခြိမ်းခြောက်မှုများကို မဲဆွယ်ပွဲ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချခဲ့ပြီး WHO အတွက် အလှူရှင်များ ပိုမိုရရှိနိုင်ရေးအတွက် လုပ်ဆောင်ခဲ့သည်။ “နိုင်ငံအတော်များများက ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် အလှူငွေထည့်ဝင်ကြမယ်ဆိုရင် အကူအညီအများကြီးဖြစ်မှာပါ” ဟု တက်ဒရော့စ်ကပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required