မြန်မာ့ပထမဦးဆုံး COVID-19 လူနာတွင် ရောဂါပိုးမတွေ့တော့၊ ဒုတိယအကြိမ်ထပ်စစ်ဆေးမည်

မြန်မာ့ပထမဦးဆုံး COVID-19 လူနာတွင် ရောဂါပိုးမတွေ့တော့၊ ဒုတိယအကြိမ်ထပ်စစ်ဆေးမည်

ဧပြီ ၂၅

မြန်မာနိုင်ငံတွင် ပထမဆုံးကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် COVID-19ရောဂါလူနာအမှတ် (၁) ၏ ရောဂါပိုးဓာတ်ခွဲစစ်ဆေးအဖြေတွင် ပထမဆုံးအကြိမ် ရောဂါပိုးမရှိကြောင်း (negative) ပြသလာခဲ့သည်ဟု သိရသည်။

ဓာတ်ခွဲစစ်ဆေးမှုတွင် ပထမဆုံးအကြိမ်ရောဂါမရှိကြောင်း (negative)ပြသည့်အတွက် ဒုတိယအကြိမ် ဆက်လက်စစ်ဆေးမှုတွင် ရောဂါမရှိကြောင်း (negative)ထပ်မံ ပြပါက မကြာမီတွင် ဆေးရုံမှဆင်းနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင့်ထန်က ပြောသည်။

“ပထမ တစ်ခါ negative ဖြစ်ထားတော့ နောက်ထပ် negative ဖြစ်ရင် ဆင်းနိုင်ပါတယ်။ အခုကတော့ အမြန်ဆုံးပြန်စစ်ဆေးပါ့မယ်။ ၄၈ နာရီ အတွင်း ပြန်စစ်ဆေးနိုင်တယ် ဆိုတော့။ ကျွန်တော်တို့က မနေ့က စစ်ထားတာဆိုတော့ နှစ်ရက်လောက်ခြားပြီးမှ ပြန်စစ်ဆေးခိုင်းမယ်။ နှစ်ရက် နှစ်ခါ negative ဖြစ်သွားပြီဆိုရင်တော့ ဆေးရုံကနေ ဆင်းခွင့်ရှိတယ်။” ဟု ဦးပေါင်လွန်မင့်ထန်က ပြောသည်။

အဆိုပါ လူနာအမှတ် (၁)ကို ယခင် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှု ငါးကြိမ်လုပ်ခဲ့ရာ ရောဂါတွေ့ရှိသည့် ရလဒ်များအတိုင်းသာပေါ်ထွက်နေခဲ့သည်။ ခြောက်ကြိမ်မြောက်စစ်ဆေးမှုတွင် ရောဂါမရှိကြောင်း(Negative ) ပြသလာခြင်းဖြစ်သည်။
 
အသက် ၃၆ နှစ်အရွယ် လူနာအမှတ် (၁)သည် မတ်လ ၁၃ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး ဖျားခြင်း၊ အန်ခြင်း၊ ချောင်းဆိုးခြင်းစသည့် လက္ခဏာများခံစားရပြီးနောက် ဆေးစစ်မှုပြုလုပ်ခဲ့ရာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း မတ်လ ၂၃ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ထားသည်။

ထိုသို့ကူးစက်ခံရကြောင်း ကြေညာသည့်နေ့မှစ၍ လူနာအမှတ်(၁)အား တီးတိန်ပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ကာ သီးသန့်ခန်းတွင် စောင့်ကြည့်ကုသမှုပြုလုပ်ခဲ့သည်။

မတ်လ၂၃ရက်မှစတင်၍ ကပ်တဲလ်ရွာကို ဝင်ထွက်သွားလာခွင့် ပိတ်ထားခဲ့ပြီး လူနာအမှတ်စဉ် (၁)နှင့် ထိတွေ့ခဲ့သူများကို ဓာတ်ခွဲစစ်ဆေးရာ တစ်လအတွင်း လူနာအမှတ်စဉ်(၂၃) ( လူနာ၏မိခင်)၊ လူနာအမှတ်စဉ် (၃၁) ( တည်းခိုခဲ့သည့်နေအိမ်  )၊ လူနာအမှတ်စဉ် (၇၄) ( ကလေးမြို့နေထိုင်သူ လူနာအမှတ်စဉ် ၂၃နှင့်ဆက်စပ်သူ )၊ လူနာအမှတ်စဉ်(၇၈ ) ( တီးတိန် ) ၊ လူနာအမှတ်စဉ်(၈၈) ( ကလေးမြို့ )စသည့် လူနာ ငါးဦးထပ်မံတွေ့ရှိသည်။

အလားတူပင် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တွင် တွေ့ရှိခဲ့သူ လူနာအမှတ်စဉ်(၁၁၃)(သင်းအုပ်ဆရာတော်)သည်လည်း လူနာအမှတ်စဉ်(၁)၏ နောက်ဆက်တွဲကူးစက်ခံရသူဖြစ်သည်။
 
ကူးစက်ခံရသည့် လူနာတွေ့ရှိထားသော တီးတိန်မြို့နယ် ကပ်တဲလ်ကျေးရွာနှင့် လွယ်ဘွားလ်ရပ်ကွက်ရှိ မာန်ဂင့်လမ်း၊ ကမ်းဟောက်လမ်းတို့တွင် နေထိုင်သူများအနေဖြင့် ပြင်ပသို့သွားလာခြင်းမပြုရန်နှင့် ပြင်ပမှ လူများသည်လည်း အဆိုပါ နေရာများသို့ ဝင်ရောက်ခြင်းမပြုရန် တီးတိန်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဧပြီ ၁၉ရက်က ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့က လူနာတွေ့ရှိခဲ့သည့်နေရာများအာား သွားလာဝင်ထွက်ခွင့်ကို တစ်ပတ်ခြင်းတိုးမြှင့်သွားရန် ဧပြီ ၂၁ရက်က ဆုံးဖြတ်ထားသည်။

“ကပ်တဲလ်ကို Lockdown ချတာနဲ့ပတ်သက်ပြီး အစက လူတွေကတော့ပြောကြတယ်။ ဒါပေမယ့် အကျိုးအများကြီးရှိပါတယ်။ ကူးစက်မှုက အများကြီးထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုကတော့ Case 1 စစ်တုန်းက သူ့အမေကို မစစ်လိုက်ဘူး။ သူ့အမေက နှစ်ပတ်လောက်နောက်ကျသွားတော့ အဲဒီလိုမျိုးသာစောစောစစ်နိုင်ခဲ့ရင် ဒါထက်ထိန်းချုပ်နိုင်မလားလို့ စဉ်းစားစရာရှိတာပေါ့နော်။ အဲဒါကြောင့် ၂၁ရက်ကနေ ရက်၃၀ အထိ Lockdown လုပ်သင့်တယ်လို့ထင်တယ်။” ဟု ဦးပေါင်လွန်မင့်ထန်က ပြောသည်။

လက်ရှိတွင် တီးတိန်မြို့နယ်သို့ ပြည်ပမှ ဝင်ရောက်လာသူ ၂၂၉ဦးအနက် ၆၀ဦးသည် Home Quarantine ဝင်နေပြီး ကျန်သူများက တီးတိန်မြို့ရှိ အထက်တန်းကျောင်းတွင် Facility Quarantine ဝင်နေသည်။

ကပ်တဲလ်ရွာတွင် အိမ်ခြေ ၆၉၂ အိမ်ရှိပြီး လူဦးရေ ၃၆၆၀ဦးနေထိုင်ကာ တောင်ယာလုပ်ငန်းကိုလုပ်ကိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required