အမေရိကန်တွင် ထင်ထားသည်ထက် ကိုရိုနာဗိုင်းရပ်စ်က သီတင်းပတ်များစွာ စောပြီး ပျံ့နှံ့ခဲ့

အမေရိကန်တွင် ထင်ထားသည်ထက် ကိုရိုနာဗိုင်းရပ်စ်က သီတင်းပတ်များစွာ စောပြီး ပျံ့နှံ့ခဲ့

ဧပြီ ၂၅

ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် ပထမ က ထင်ထားသည်ထက် သီတင်းပတ်များစွာ ပိုစောပြီး ပျံ့နှံ့နေခဲ့ကာ အစောပိုင်းက သေဆုံးမှုများကိုလည်း တုပ်ကွေးကြောင့်ဟု အထင်မှားခဲ့ဖွယ် ရှိသည်ဟု အမေရိကန်ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်က အသက် ၅၇ နှစ်အရွယ် အမျိုးသမီး သေဆုံးသည်မှာ COVID-19 ကြောင့် ဖြစ်ပြီး နိုင်ငံအတွင်း အခြားသော ထုတ်ပြန်သည့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုထက် အတော်လေး ပိုစောကြောင်း ဆန်တာကလာ ရာစီရင်စု ကျန်းမာရေးတာဝန်ရှိသူ ဆာရာကိုဒီက ပြောသည်။

အမေရိကန်တွင် ယင်းရောဂါကြောင့် ပထမဆုံး သေဆုံးမှုသည် ဝါရှင်တန်ပြည်နယ်မှ ဖြစ်ကာ ဖေဖော်ဝါရီ ၂၉ ရက်က သေဆုံးခြင်း ဖြစ်သည်ဟု ယခင်က ထင်မှတ်ထားခြင်း ဖြစ်သည်။

သေဆုံးမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များက အမေရိကန်နိုင်ငံအတွင်း ရောဂါကူးစက်ဖြစ်ပွားမှုကို မည်သို့ ထိန်းချုပ်ရမည်ဆိုသည်ကို ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများ ပို၍ နားလည်စေရန် အထောက်အ ကူပြုနိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလအထိ နောက်ကြောင်းပြန်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်သော သေဆုံးမှုများကို ခြေရာကောက်ရန် ကျန်းမာရေးတာဝန်ရှိသူများကို တိုက်တွန်းထားကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွမ်က ပြောခဲ့ပြီးနောက်ပိုင်း မူလ ထင်ထားသည်ထက် ပိုစောသော အချိန်က သေဆုံးမှုများကို ထပ်တွေ့လာဖွယ်ရာ ရှိနေသည်။

ဖေဖော်ဝါရီ ၆ ရက်က သေဆုံးသော အမျိုးသမီးနှင့် ဖေဖော်ဝါရီ ၁၇ နှင့် မတ် ၆ ရက်တို့တွင် သေဆုံးသော အခြားသူနှစ်ဦးတို့သည် COVID-19 ကြောင့် သေဆုံးခြင်းဖြစ်ကြောင်းကို အမေရိကန်ကျန်းမာရေးအာဏာပိုင်များက အတည်ပြုထားပြီဖြစ်သည်။

ဆန်တာကရာလာစီရင်စုအနေဖြင့် လူထုတွင် ဗိုင်းရပ်စ်ကူးစက်မှုသည် ဖေဖော်ဝါရီ ၂၈ ရက်က ပထမဆုံးဖြစ်သည်ဟု ယခင်က အတည်ပြုထားခြင်းဖြစ်ကြောင်း ဒေါက်တာ ကိုဒီက ပြောသည်။

သို့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်မတိုင်ခင်က သေဆုံးခဲ့သည့် လူနာသုံးဦးစလုံးသည် ခရီးသွားရာဇဝင်မရှိကြောင်း သိရသည်။

“သူတို့ သေဆုံးမှုက ကျွန်တော်တို့က သက်သေပြနေတာက ဒီ ဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ အရင်က ထင်ထားတာထက် ပိုစောစောကတည်းက ပျံ့နှံ့နေတယ်ဆိုတာကိုပါပဲ။”ဟု ဒေါက်တာ ကိုဒီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required