လူထု ခုခံအား (Herd immunity) က ဆင်းရဲသော နိုင်ငံများအတွက် ဘယ်လို အလုပ်ဖြစ်စေနိုင်သလဲ

လူထု ခုခံအား (Herd immunity) က ဆင်းရဲသော နိုင်ငံများအတွက် ဘယ်လို အလုပ်ဖြစ်စေနိုင်သလဲ

ဧပြီ ၂၄

လူသေဆုံးနိုင်ခြေနှုန်း မြင့်မားခြင်းကြောင့် အငြင်းပွားဖွယ်ရာ ကိစ္စတစ်ခု ဖြစ်နေပြီး ယူကေလို နိုင်ငံကြီးတစ်နိုင်ငံကတောင် အသုံးမပြုတော့ဘဲ ချောင်ထိုးထားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် မဟာဗျူဟာတစ်ရပ်သည် ယခုအခါ အိန္ဒိယကဲ့သို့ ဆင်းရဲပြီး ငယ်ရွယ်သည့် လူဦးရေများပြားသော နိုင်ငံများအတွက် အသင့်တော်ဆုံး ဖြေရှင်းချက်နည်းလမ်းတစ်ခု ဖြစ်နိုင်ကြောင်း အမွှမ်းတင်ပြောဆိုနေကြသည်။

Herd immunity ဆိုသည်မှာ လူဦးရေ၏ လူအများစုကို ဗိုင်းရပ်စ် ကူးစက်စေပြီး ယင်းနောက် ပြန်လည်သက်သာကောင်းမွန်သွားစေခြင်းအားဖြင့် အဆိုပါ လူအများစုတွင် ဗိုင်းရပ်စ် ခုခံနိုင်စွမ်းအား ရရှိသွားစေခြင်း ဖြစ်သည်။ အဆိုပါ herd immunity နည်းလမ်းက ဗိုင်းရပ်စ် ပျံ့နှံ့မှု တားဆီးရန် ရည်ရွယ်လုပ်ဆောင်သော တင်းကျပ်သည့် ပိတ်ဆို့ကန့်သတ်မှု (lockdown) များထက်စာပါက စီးပွားရေး အကြီးအကျယ် ထိခိုက်ဆုံးရှုံးမှုနှင့် လူသားတို့ ထိခိုက်ခံစားရမှုတို့ကို သက်သာလျော့ပါးစေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အုပ်စုတစ်စုက ပြောသည်။

“အင်မတန် ကာလရှည်ကြာတဲ့ လော့ခ်ဒေါင်း ကာလတစ်ခုကို ဘယ်နိုင်ငံကမှ တောင့်မခံနိုင်ပါဘူး၊ အနည်းဆုံးတော့ အိန္ဒိယလို နိုင်ငံမျိုးပေါ့” ဟု လူသိများသည့် အိန္ဒိယ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Jayaprakash Muliyil က ပြောသည်။ “ ကူးစက်မှုက သက်ကြီးရွယ်အိုတွေကို အမှန်တကယ် လိုက်မှီမသွားဘဲနဲ့ ခင်ဗျားတို့အနေနဲ့ ဒီ လူထု ခုခံအား ဆိုတဲ့ အမှတ်ကို ရောက်ရှိကောင်း ရောက်ရှှိသွားနိုင်ပါတယ်၊ ပြီးတော့ ဒီ လူထု ခုခံအားဟာ လုံလောက်တဲ့ ဂဏန်းတစ်ခုကို ရောက်သွားတာနဲ့ ကူးစက်ဖြစ်ပွားမှုကလည်း ရပ်တန့်သွားပြီး သက်ကြီးတွေလည်း ဘေးကင်းသွားပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

နယူးဒေလီနှင့် ဝါရှင်တန်တွင် အခြေစိုက်သည့် အများပြည်သူကျန်းမာရေး အကျိုးဆောင်အဖွဲ့တစ်ခုဖြစ်သည့် ရောဂါကူးစက်ပျံ့နှံ့မှု လေ့လာခြင်း၊  စီးပွားရေးနှင့် မူဝါဒ ရေးရာ စင်တာ (CDDEP)နှင့် Princeton တက္ကသိုလ် တို့မှ သုတေသီများပါဝင်သော အဖွဲ့တစ်ဖွဲ့က herd immunity မဟာဗျူဟာ ကျင့်သုံးအောင်မြင်နိုင်သည့် နေရာအဖြစ် အိန္ဒိယနိုင်ငံကို ရွေးထုတ်သတ်မှတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်း၏ အချိုးအစား မမျှတသော  အသက်ငယ်ရွယ်သည့် လူဦးရေသည် ဆေးရုံတက်ရခြင်းနှင့် သေဆုံးနိုင်ခြင်း အလားအလာတို့နှင့် ရင်ဆိုင်ရနိုင်ခြေ နည်းပါးနိုင်ခြင်းကြောင့် ဖြစ်သည်။

လာမည့် ခုနစ်လတွင် ထိန်းချုပ်ထားသည့် နည်းလမ်းတစ်ခုဖြင့် ဗိုင်းရပ်စ်ကို ပျံ့နှံ့ခွင့်ပြုခြင်းက နိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကို နိုဝင်ဘာမတိုင်မီ ခုခံနိုင်အား ရအောင် လုပ်ပေးသလိုဖြစ်သွားမည်ဖြစ်ကာ ယင်းနောက် ရောဂါကို ရပ်တန့်လိုက်နိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

အိန္ဒိယလူဦးရေ၏ ၉၃ ဒသမ ၅ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်အောက် အသက်အပိုင်းအခြား ရှိသူများဖြစ်နေခြင်းနှင့်အတူ ဗိုင်းရပ်စ်သာ အီတလီကဲ့သို့ ဥရောပနိုင်ငံများနှင့် နှိုင်းယှဉ်လျက် ပျံ့နှံ့လျင် လူအသေအပျောက်ပိုင်း ကို ကန့်သတ်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ သို့သော် သေဆုံးမှုအတိုင်းအတာ ခန့်မှန်းချက်များကို ထုတ်ပြန်သွားခြင်း မရှိပေ။

အင်ဒိုနီးရှားကဲ့သို့ နိုင်ငံများအပါအဝင် ဆင်းရဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာဖရိက ဆာဟာရဒေသခွဲရှိ နိုင်ငံတချို့ တို့သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ကျင့်သုံးထားသည့် လော့ခ်ဒေါင်း အစီအမံများကို အသုံးပြုရင်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဟန့်တားရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကိုလည်း အထက်ပါ ဆန်းသစ်တော်လှန်သော အဆိုပြုချက်က မီးမောင်းထိုးပြသနေသည်။

အိန္ဒိယရှိ မြို့၊ ကျေးရွာ အများအပြားရှိ လူပြည့်ကျပ်နေသော နေထိုင်မှု အခြေအနေများအောက်တွင် social distancing (သီးခြားနေထိုင်ခြင်း) ကို ကျင့်သုံးရန် ဖြစ်နိုင်ခြေ မရှိခြင်း၊ ကူးစက်မှုများကို စစ်ဆေးရန် စမ်းသပ် ကိရိယာပစ္စည်းများ မရှိခြင်း၊ လော့ခ်ဒေါင်းကာလအတွင်း ပေါ်ပေါက်သည့် လူတို့၏ အကျပ်အတည်းဒုက္ခများ စသည်တို့ကလည်း အထက်ပါ နေရာများတွင် အခြားမတူညီသော လမ်းတစ်ခုဖြင့် သွားရန်လိုအပ်ကောင်း လိုအပ်နေသည်ကို ဖော်ညွန်းပြသနေလျက် ရှိသည်။

ယင်းကို လုပ်ဆောင်ရန်အလို့ငှာ မေလ ၃ ရက်အထိ သက်တမ်းတိုးထားသော အိန္ဒိယ၏ တင်းကျပ်သည့် လော့ခ်ဒေါင်းအမိန့်ကို ရုပ်သိမ်းရန်နှင့် အသက် ၆၀ နှစ်အောက် လူဦးရေ၏  အများစုကို ပုံမှန်နေထိုင်မှု ဘဝသို့ ပြန်သွားခွင့်ပေးခြင်း တို့ လုပ်ဆောင်ရန် CDDEP နှင့် Princeton အဖွဲ့က အကြံပြုထားသည်။ သို့သော် social distancing (သီးခြားနေထိုင်ခြင်း) ကျင့်သုံးမှုကို ဆက်လက်အားပေးပြီး နှာခေါင်းစည်း တပ်ရန် လိုအပ်မည် ဖြစ်ကြောင်းနှင့် အရွယ်အစားကြီး လူစုဝေးပွဲများကို ပိတ်ပင်ရမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။ ပြန်လည် ဖွင့်လှစ်မှုနှင့်အတူ တတ်နိုင်သလောက် လူအများအပြားကို စစ်ဆေးမှုများ လုပ်ဆောင်ရန် ကြိုးစားရမည်ဖြစ် ပြီး အတည်ပြုနှင့်သံသယရှိ ဖြစ်စဉ်များကို သီးခြားခွဲထားရမည်ဖြစ်သည်ဟု သိရသည်။

တစ်ချိန်တည်းမှာပင် herd immunity မရမချင်း အသက် ၆၀ နှစ်အထက် သက်ကြီးများကို လော့ခ်ဒေါင်းအောက်တွင် ဆက်နေစေရန် လိုအပ်မည်ဖြစ်ကာ ၎င်းတို့ ဖျားနာနေထိုင်မကောင်းဖြစ်ပါက စစ်ဆေးစမ်းသပ်ကုသမှု များကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီဦးဆောင်သည့် အစိုးရကမူ လက်ရှိအချိန်အထိ အလားတူ မဟာဗျူဟာတစ်ခု ကျင့်သုံးရန် အစီအစဉ် ရှိမရှိ ထုတ်ဖော်ခြင်း မရှိသေးပေ။

သို့ရာတွင်လည်း အိန္ဒိယအစိုးရသည် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုများကို ထိထိရောက်ရောက် ကန့်သတ်ထားသည့် စံ ပေတံတစ်ခုကို ချမှတ်ထားကာ အပြင်းအထန် နေထိုင်မကောင်းဖြစ်နေသူ သို့မဟုတ် အန္တရာယ် ဘေးမကင်း ဆုံးသူများကိုသာ စစ်ဆေးစေခြင်းဖြင့် ကန့်သတ်ထားသည်။ COVID-19 ရောဂါသည် အိန္ဒိယအစိုးရ၏ တရားဝင်ကိန်းဂဏန်းများထက် များစွာ ကျော်လွန်လျက် ပျံ့နှံ့ထားခဲ့ပြီ ဆိုပြီး သံသယရှိနေသော ဝေဖန်သူများကမူ ယခု ကဲ့သို့ အိန္ဒိယအစိုးရ၏ ထိန်းချုပ်ကန့်သတ်ထားသော စံပေတံက ရောဂါကို ကူးစက်ပျံ့နှံ့ခွင့် ပြုလိုက်သည်နှင့်အတူတူဖြစ်နေသည်ဟု ထင်မြင်ယူဆလျက် ရှိသည်။

“တစ်စိတ်တစ်ဒေသအားဖြင့်တော့ ငါတို့က သူတို့ကို ဗိုင်းရပ်စ် ကူးစက်ခံစေပြီး ပြန်လည်သက်သာလာစေခွင့်ပြုမှာ ဖြစ်ပါတယ်၊ ပြီးတော့ နေထိုင်မကောင်းဖြစ်တဲ့သူတွေကို အထူးဂရုစိုက်ပြုစုမယ်” ဟု အများပြည်သူကျန်းမာ ရေးအဖွဲ့တစ်ခုဖြစ်သည့် နယူးဒေလီ အခြေစိုက် ပြည်သူ့ကျန်းမာရေးလှုပ်ရှားမှု ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူ T. Sundararaman က ပြောသည်။ “အဲဒါက မူဝါဒပါ၊ အဲဒါက ရေရေရာရာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

အိန္ဒိယအစိုးရကမူ ၎င်းတို့၏ စမ်းသပ်စစ်ဆေးမှု စံပေတံက နိုင်ငံတွင် တိကျသည့် ကူးစက်မှု ဖြစ်စဉ်အရေအတွက်ကို ပေးထားနိုင်ကြောင်း၊ ရောဂါသည် ခြေရာကောက်နိုင်ခြင်းမရှိဘဲနဲ့ လူ့အသိုက်အဝန်းအတွင်း ပျံ့နှံ့နေခြင်းမ ရှိကြောင်း ပြောဆိုထားခဲ့သည်။မည်သို့ပင် ဆိုစေကာမူ အိန္ဒိယအာဏာပိုင်တို့သည် စစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ခြင်းကြောင့် တစ်နေ့ချင်းအလိုက် ကူးစက်မှုဖြစ်စဉ်များကို ပိုမို တွေ့ရှိနေပြီး ဧပြီ ၂၁ ရက်အထိ နိုင်ငံတဝန်း ကူးစက်ခံထားရသူ ၂၀,၀၈၀ ဦးနှင့် သေဆုံးသူ ၆၄၅ ဦးတို့ ရှိနေပြီဖြစ်သည်။

သို့သော် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု၏ အတိုင်းအတာနှင့် ကြီးလေးပြင်းထန်မှု မည်မျှ ရှိမည် ဆိုသည်နှင့်ပတ်သက်၍ မေးခွန်းများလည်း ဆက်ရှိနေချိန် လော့ခ်ဒေါင်း၏ ကုန်ကျစရိတ်များက ရှင်းလင်းထင်ရှား လျက် ရှိသည်။ အလုပ်ပြုတ်သွား၍ မြို့ကြီးများမှ ထွက်ခွာလာကြသော ရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၂၅ သန်းကို နေရာချထားပေးရန် ဒေသအာဏာပိုင်အစိုးရများက ကမ့်စခန်းများ ထူထောင်ထားရှိခဲ့ရသလို လော့ခ်ဒေါင်း ကြောင့် စားရာနေရာမဲ့ ဖြစ်ကျန်ခဲ့သော နေ့စားလုပ်သား ၇ ဒသမ ၅ သန်းကို ကျေးမွေးရန် အစားအသောက် ကမ့်များကိုလည်း ထူထောင်ထားရသည်။ အဆိုပါ မရှိသုံး သုံးရသည့် အစီအမံများကလည်း စတင်၍ ယိုယွင်းလာ သည့် လက္ခဏာရပ်များလည်း ရှိနေပြီ ဖြစ်သည်။

“ခုချိန်မှာ အစာရေစာငတ်မွတ်မှု၊ ဆာလောင်မှုတို့နဲ့ မကြုံရလေအောင် အကောင်းဆုံးအခြေအနေတစ်ခု ရောက်ဖို့ အတိုးအလျော့ အပေးအယူတစ်ခုနဲ့ ကျွန်တော်တို့ ကိုင်တွယ်လုပ်ဆောင်နေရပါတယ်” ဟု Princeton သုတေသီတစ်ဦးနှင့် CDDEP ဒါရိုက်တာ Ramanan Laxminarayan က ပြောသည်။ ထိန်းချုပ်နည်းလမ်းတစ်ခုဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ပျံ့နှံ့ခွင့်ပြုလိုက်ခြင်းအားြဖင့် သေချာပေါက် လူသေဆုံးမှုများ ရှိလာမည်ဖြစ် သော်လည်း  ယင်းက လက်ရှိနည်းနှင့်ယှဉ်ပါက အတော်လေးအရေအတွက် နည်းမည်ဖြစ်ကြောင်း၊ ယင်းက နိုဝင်ဘာလတွင် စီးပွားရေးကို ပြန်လည်ဖွင့်လှစ်နိုင်စေမည်ဖြစ်ေကြာင်း ၎င်းက ပြောသွားခဲ့သည်။

သို့သော် ဤမဟာဗျူဟာသည် နိုင်ငံတကာတွင် အငြင်းပွားမှုများ ရှိနေခဲ့သည်ကိုလည်း တွေ့ရှိထားပြီးဖြစ်သည်။ ယူကေသည် ယင်းမဟာဗျူဟာကို ကျင့်သုံးခဲ့ပြီး ယင်းနောက် ရောဂါဖြစ်ပွားချိန် အစောပိုင်းကာလတွင် ယင်းကို ပြန်လည် စွန့်လွှတ်ခဲ့သည်။ မဟာဗျူဟာ၏ ရလဒ်ကြောင့် ဖြစ်လာမည့် ဆေးရုံတက်ရောက်ကုသမှုများက နိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် စီးနင်းလွှမ်းမိုးသွားလိမ့်မည်ဟု ခန့်မှန်းချက်များက ပြသနေ ခဲ့ပြီးနောက် ယူကေတို့က ယင်းမဟာဗျူဟာကို စွန့်ပယ်ခဲ့ခြင်း ဖြစ်သည်။ ဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်မှုတွင် ဗြိတိန်အစိုးရ၏ တုန့်ပြန်မှု နှေးကွေးခြင်းအတွက်လည်း အဆိုပါ စိန်ပြေနပြေ လုပ်ခဲ့သည့် မဟာဗျူဟာကျင့်သုံးမှုက ယခုအချိန်အထိ အပြစ်တင်စရာ ကိစ္စတစ်ခု ဖြစ်နေဆဲဖြစ်သည်။

အန္တရာယ်များသော မဟာဗျူဟာ

ငယ်ရွယ်သည့် လူဦးရေတစ်ရပ် ရှိနေသော အိန္ဒိယလို နိုင်ငံတစ်နိုင်ငံတွင်မှာတောင်မှ ယင်း အယူအဆတွင် ပင်ဂိုအားဖြင့် စွန့်စားမှုဘေးအန္တရာယ်များ ရှိနေသည်။ လူများထံ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခွင့် ပြုလုပ်ခြင်းကနေတဆင့် ဆေးရုံများသို့ လူနာအများအပြား ရောက်ရှိသွားမည်မှာလည်း မလွဲဧကန်ဖြစ်သည်။ Herd immunity မရခင် လူနာအစုအဖွဲ့အသုတ်အများအပြား အသက်ဘေးမကြုံရစေရေးအလို့ငှာ အိန္ဒိယအနေဖြင့် အထူးကြပ်မတ်စောင့် ရှောက်မှုပိုင်းနှင့် သီးသန့်ကြပ်မတ်ကုသကုတင် အရေအတွက်ပိုင်းကို အရေးတကြီး တိုးချဲ့ရမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

နောက်ထပ် အန္တရာယ်တစ်ခုလည်း ရှိသေးသည်။ ယင်းက အိန္ဒိယ၏ လေထုညစ်ညမ်းမှုသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးဖြစ်နေခြင်း၊ သွေးတိုး၊ဆီးချို ဖြစ်ပွားမှုနှုန်း မြင့်တက်ခြင်းတို့ကလည်း ငယ်ရွယ်သည့်လူများ၏ ကျန်းမာရေးအပေါ် ထိခိုက်စေနိုင်ရန် ရှိနေသည့်အတွက် အကျိုးဆက်အားဖြင့် ဗိုင်းရပ်စ်ကြောင့် အသေအပျောက်ပမာဏသည် မျှော်မှန်းသည်ထက် ပိုမြင့်တက်နိုင်သည်။ ပြည်သူများသည်လည်း ၎င်းတို့ကို စောင့်ရှောက်ကြည့် ရှုပေးနေသူများကို စိတ်ပျက်အောင် လုပ်ကောင်းလုပ်နိုင်ပြီး သီးခြားခွဲနေထိုင်မှု ဂိုက်လိုင်းများကို လိုက်နာရန် ပျက်ကွက်ကောင်း ပျက်ကွက်နိုင်သည်။

“ဒါက အသက်ငယ်ရွယ်သေးတဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပေါ့သွားစေမှာကိုလည်း ကျွန်တော် စိုးရိမ်မိပါတယ်၊ သူတို့တွေအတွက်လည်း အတိုင်းအတာတစ်ခုအထိ အန္တရာယ်က ရှိနေ ဆဲဖြစ်လို့ပါ” ဟု Standford တက္ကသိုလ်မှ ဆေးပညာဆိုင်ရာ လက်ထောက် ပါမောက္ခတစ်ဦးဖြစ်သည့် Jason Andrews က အီးမေးလ်တစ်ခုတွင် ပြောသွားခဲ့သည်။ “အထူးသဖြင့်တော့ ဒီမက်ဆေ့ချ်ကနေတဆင့် ငယ်ရွယ်တဲ့ သူတွေဟာ သူတို့ကိုယ်သူတို့ လက်ရှိအနေအထားလောက် အန္တရာယ်မရှိနိုင်ဘူူးလို့ ထင်မြင်ကောင်း ထင်မြင်သွားနိုင်ပါတယ်၊ နောက်ပြီး ကူးစက်ပျံ့နှံ့မှုမှာ သူတို့ရဲ့ဖြစ်နိုင်ဖွယ် အခန်းကဏ္ဍနဲ့ပတ်သက်လို့ နားလည်သဘော ပေါက်ခြင်း မရှိတာမျိုး ဖြစ်သွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သစ်က ယမန်နှစ်ကုန်ပိုင်းလောက်မှ လူသားများတွင် စတင်ကူးစက်ထားခြင်း ဖြစ်သည့်အတွက် ယင်းနှင့်ပတ်သက်၍ မသိရသေးသည့် အကြောင်းအချက် အများအပြား ရှိနေဆဲဖြစ်သည်။ ဗိုင်းရပ်စ်ထံမှ ခုခံစွမ်းအားသည်လည်း မျှော်မှန်းထားသည်ထက် ပိုမို ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။ Herd immunity မရခင် လူဦးရေ၏  ၈၂ ရာခိုင်နှုန်းအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရရန် ရှိနေကြောင်း သုတေသီအဖွဲ့တစ်ခုက ခန့်မှန်းခဲ့သည်။

“ ဒါက အလုပ်ဖြစ်နိုင်သလား ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ရှိနေတယ်လို့ ကျွန်တော် မြင်မိပါတယ်” ဟု ဟားဗတ်တက္ကသိုလ်၏ T.H Chan အများပြည်သူဆိုင်ရာ ကျောင်းမှ ကူးစက်ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ပါမောက္ခ Marc Lipstich က ပြောသည်။ “အဓိက မေးခွန်းတွေကတော့ လူဦးရေထဲမှာ ခုခံနိုင်စွမ်းအား ပမာဏ ဘယ်လောက် ကျွန်တော်တို့ လိုအပ်သလဲ ဆိုတာနဲ့ ကူးစက်ခံရမှု ရလဒ်တစ်ခုအနေနဲ့ လူတစ်ဦးချင်းစီမှာ ခုခံနိုင်စွမ်း ဘယ်လောက် ပမာဏ ရမလဲ ဆိုတာပဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

များသောအားဖြင့် လူမျိုးဆက်ပေါင်းစုံတို့ အမိုးတစ်ခုတည်းအောက်တွင် နေထိုင်နေကြသည့် လူနေထူထပ်သော အိန္ဒိယနိုင်ငံတွင် လူဦးရေအားလုံးထဲကနေ အန္တရာယ်ကြုံရနိုင်ခြေ ပိုများသည့် အစိတ်အပိုင်းတစ်ခုကို ခွဲခြား ကန့်သတ်နိုင်ဖွယ် ရှိမည်လား ဆိုသည့် မေးခွန်းတစ်ခုလည်း ရှိနေသေးသည်။

အခြေခံအားဖြင့်မူ herd immunity ကို ကျင့်သုံးခြင်းက မကောင်းသည့် ရွေးချယ်နည်းလမ်းပေါင်းစုံအနက်က အကောင်းဆုံးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ယင်းမဟာဗျူဟာအကြောင်း ဆွယ်တရားဟောနေသည့် သုတေသီများက ပြောသည်။

“ကျွန်တော်ထင်ပါတယ်၊ နောက်ဆုံးမှာ နိုင်ငံအားလုံးလည်း ဒီ အိန္ဒိယ မော်ဒယ်အတိုင်းလိုက်လုပ်ကြပါလိမ့်မယ်” ဟု Laxminarayan က ပြောသည်။ “ဘာလို့လဲဆိုတော့ ဒီလိုမှမဟုတ်ရင်လည်း ကျွန်တော်တို့ဟာ လာမယ့်နှစ် ဇွန်လအထိ ပြတ်တောင်း ပြတ်တောင်း ရှိနေမယ့် လော့ခ်ဒေါင်းအောက်မှာ ဆက်ရှိနေရဖို့ ရှိနေတာကြောင့်ပါ” ဟု ၎င်းက ပြောသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly