အီရန်က ထရမ့်၏ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု သတိပေး

အီရန်က ထရမ့်၏ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု သတိပေး

ဧပြီ ၂၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပင်လယ်ကွေ့၌ အမေရိကန်သင်္ဘောများအား နှောင့်ယှက်သည့် အီရန်ရေယာဉ်များကို ဖျက်ဆီးပစ်ရန် အမေရိကန်ရေတပ်အား အမိန့်ပေးထားသည်ဟု ပြောဆိုလိုက်ပြီးနောက် အီရန် တော်လှန်ရေးအစောင့်တပ် အကြီးအကဲဖြစ်သူက အမေရိကန်ကို ပြတ်ပြတ်သားသား တုံ့ပြန်မည်ဟု ကြာသပတေးနေ့၌ သတိပေးပြောလာခဲ့သည်။

အီရန်နှင့် အမေရိကန်တို့သည် ပြီးခဲ့သည့်နှစ်အတွင်း နှစ်ကြိမ်တိုင်အောင် ထိပ်တိုက်တွေ့လုနီး ဖြစ်ခဲ့သည်။

နှစ်နိုင်ငံကြား ဆယ်စုများစွာ အမျက်မာန်စောင်မှုသည် ၂၀၁၈ ခုနှစ်အတွင်း သမ္မတ ထရမ့်က အင်အားကြီးနိုင်ငံများနှင့် အီရန်တို့ ချုပ်ဆိုထားသော နျူကလီးယား သဘောတူစာချုပ်မှ တစ်ဖက်သတ်နုတ်ထွက်ပြီးနောက် ပို၍ ဆိုးဝါးလာခဲ့သည်။

အီရန်၏ နျူကလီးယားစီမံကိန်းကို လျှော့ချရန် သဘောတူညီချက်အရ ဖြေလျှော့ပေးထားသော ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်များကို အမေရိကန်က ပြန်လည်ချမှတ်ကျင့်သုံးလာခဲ့ခြင်းကြောင့် ဖြစ်သည်။

အီရန်တော်လှန်ရေးအစောင့်တပ်၏ ပြည်ပတပ်ရင်းဖြစ်သော Quds Force ကို ဦးဆောင်နေသော ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလိုင်မာနီကို အမေရိကန်က ဇန်နဝါရီလအတွင်း လေကြောင်းစီးနင်းပြီး သုတ်သင်လိုက် ရာတွင် တင်းမာမှုက ပို၍ အရှိန်မြင့်မားလာခဲ့သည်။

“ကျွန်တော်တို့ အမေရိကန်ကို ကြေညာတယ်။ လုပ်ရပ်အားလုံးအတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ပြတ်ပြတ်သားသား တုံ့ပြန်သွားဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်။”ဟု ဗိုလ်မှူးချုပ် ဟိုစိန်ဆာလာ မီက ပြောသည်။

“ကျွန်တော်တို့ရဲ့ သင်္ဘောတွေ၊ တိုက်ရေယာဉ်တွေရဲ့ လုံခြုံရေးကို အန္တရာယ်ပြုဖို့ လုပ်လာရင် အမေရိကန် သင်္ဘောတွေနဲ့ တပ်ဖွဲ့တွေကို ပစ်မှတ်ထားသွားဖို့ ရေတပ်ကို ကျွန်တော်တို့ အမိန့်ထုတ်ထားပြီးပြီ။”ဟု ၎င်းက ပြောခဲ့ သည်။

ယခုကဲ့သို့ ရန်ဖက်နှစ်နိုင်ငံကြား ထပ်ဆင့်တင်းမာလာခြင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပင်လယ်ကွေ့၌ သင်္ဘောများကို အီရန်က အနှောင့်အယှက်ပြုခဲ့သည်ဟု အမေရိကန်က စွပ်စွဲပြီးနောက် ဖြစ်ပွားလာခြင်းပဲ ဖြစ်သည်။ အီရန်ကမူ အမေရိကန် စွပ်စွဲချက်ကို ငြင်းဆန်ပြီး ပင်လယ်ကွေ့၌ သင်္ဘောများချင်း ထိပ်တိုက်တွေ့မှုသည် အမေရိကန်ဖက်က အစပျိုးခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required