နီကိုတင်းဓာတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုတားဆီးနိုင် ‌လောက်၍ ပြင်သစ်၌ သုတေသနလုပ်

နီကိုတင်းဓာတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုတားဆီးနိုင် ‌လောက်၍ ပြင်သစ်၌ သုတေသနလုပ်

ဧပြီ ၂၄

နီကိုတင်းဓာတ်သည် ကိုရိုနာဗိုင်းရပ်စ် လူထံသို့ ကူးစက်ခြင်းကို တားဆီးနိုင်လောက်သည်ဟု ပြင်သစ်၌ သုတေသနပြု တွေ့ရှိပြီး လူသေဆုံးစေနိုင်သည့် ယင်းဗိုင်းရပ်စ်ကို တားဆီးရန်နှင့် ကုသရာတို့တွင် နီကိုတင်းဓာတ်အား အသုံးပြုနိုင်မလားဆိုသည်ကို နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

ပါရီက ထိပ်တန်းဆေးရုံတစ်ရုံတွင် အပျော့စားရောဂါလက္ခဏာပြသော ဗိုင်းရပ်စ်ကူးစက်သူ ၁၃၉ ဦးနှင့်အတူ ကိုရိုနာဗိုင်းရပ်စ်လူနာ ၃၄၃ ဦးကို ဆန်းစစ်မှုများ လုပ်ဆောင်ပြီးနောက် တွေ့ရှိခြင်း ဖြစ်သည်။

ထို တွေ့ရှိချက်အရ ယေဘုယျ ပြင်သစ်လူဦးရေတွင် ၃၅ ရာခိုင်နှုန်းနီးပါး ဆေးလိပ်သောက်သည်နှင့် နှိုင်းယှဉ်လျှင် ယခု ကိုရိုနာဗိုင်းရပ်စ်ကူးစက်သော ၎င်းလူနာတို့တွင် ဆေးလိပ်သောက်သူဦးရေက နည်းပါးသည်ကို တွေ့ရှိရသည်။

“ဒီ လူနာတွေထဲမှာ ဆေးလိပ်သောက်တဲ့သူ နှုန်းထားက ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။”ဟု တွဲဖက်သုတေသီနှင့် ဆေးပညာပါမောက္ခဖြစ်သူ ဇာဟားအမွာရာက ပြောသည်။

ယခု သုတေသနသည် ပြီးခဲ့သည့်လက New England Journal of Medicine ဂျာနယ်တွင် ဖော်ပြခဲ့သော အလားတူ တွေ့ရှိချက်ကို အားဖြည့်ပေးလိုက်ခြင်းပဲ ဖြစ်သည်။

အဆိုပါ ဂျာနယ်တွင် ဖော်ပြထားချက်မှာ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၀၀၀ လျှင် ၁၂ ဒသမ ၆ ရာခိုင်နှုန်းကသာ ဆေးလိပ်သောက်သူများဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းနှုန်းထားသည် တရုတ် ယေဘုယျ လူဦးရေ၏ ပုံမှန်ဆေးလိပ်သောက်သူနှုန်းထား ၂၆ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖော်ပြသော နှုန်းထားနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသော ဦးရေနှုန်းထားပဲ ဖြစ်သည်။

သီအိုရီအရ နီကိုတင်းသည် ဆဲလ်အမြှေးပါးတွင် ကပ်ငြိနိုင်ခြင်းကြောင့် ဆဲလ်အတွင်း ဗိုင်းရပ်စ်ဝင်ရောက်ခြင်းနှင့် ကိုယ်ခန္ဓာအတွင်း ပျံ့နှံ့ခြင်းကို ပိတ်ဆို့တားဆီးထားခြင်းဖြစ်သည်ဟု ပြင်သစ် Pasteur Institut မှ ထင်ရှား သော အာရုံကြောဇီဝဆိုင်ရာပညာရှင်နှင့် သုတေသနကို ပူးတွဲလုပ်ဆောင်သူ ဂျင်းပီယားချန်ဂတ်စ်က ပြောသည်။

သုတေသနပညာရှင်များအနေဖြင့် နောက်ထပ် လက်တွေ့ စမ်းသပ်မှုများ ပြုလုပ်ရန်အတွက် ပြင်သစ် ကျန်းမာရေးအာဏာပိုင်များ၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly