ကိုရိုနာဗိုင်းရပ်စ်၏ အဆိုးဆုံးအခြေအနေ မရောက်သေးဟု WHO အကြီးအကဲ သတိပေး

ကိုရိုနာဗိုင်းရပ်စ်၏ အဆိုးဆုံးအခြေအနေ မရောက်သေးဟု WHO အကြီးအကဲ သတိပေး

ဧပြီ ၂၂

ကိုရိုနာဗိုင်းရပ်စ်သစ်၏ အဆိုးဆုံးက လာနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အကြီးအကဲ တီဒရို့စ်အက်ဟန်နွမ်ဂျီဘရေယက်ဆက်စ်က ဧပြီ ၂၀ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ကို ယုံပါ။ အဆိုးဆုံးဟာ ကျွန်တော်တို့ ရှေ့တူရှုမှာ ရှိနေသေးတယ်။”ဟု တီဒရို့စ်က ပြောရင်း “ဒီအဖြစ်ကို ကာကွယ်တားဆီးကြပါစို့။ ဗိုင်းရပ်စ်ကြောင်းကို လူတော်တော်များများက နားမလည်ကြသေးဘူး။”ဆို ပြီး ဖြည့်စွက်ပြောခဲ့သည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါကို ဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာအနှံ့ ဆက်လက်ပျံ့နှံ့နေကာ ကူးစက်သူပေါင်း ၂ ဒသမ ၄ သန်းကျော် ရှိနေသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်မှ စစ်တမ်းထုတ်ပြန် ထားချိန်၌ တီဒရို့စ်၏ အဆိုပါ မှတ်ချက်ပြုစကားကို ပြောဆိုလာခြင်းပဲ ဖြစ်သည်။

ယင်းဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူပေါင်း ၁၆၇၅၉၂ ဦး ရှိသွားပြီ ဖြစ်သည်။

“တစ်ဦးချင်း သေဆုံးနေကြတာကိုလည်း ကျေးဇူးပြုပြီး စဉ်းစားသုံးသပ်ပါတယ်။ အသက်တစ်ချောင်းဆိုတာ တန်ဖိုးကြီးပါတယ်။”ဟု တီဒရို့စ်က ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တီဒရို့စ်က ကိုရိုနာဗိုင်းရပ်စ်က ကပ်ဘေးကို လူ့သမိုင်းတွင် အသေအဆုံးအများဆုံး ကပ်ဘေးအဖြစ် သတ်မှတ်ထားသည့် ၁၉၁၈ စပိန်တုပ်ကွေးနှင့် နှိုင်းယှဉ်ပြောဆိုသွားသည်။

“အလွန်ကို အန္တရာယ် ကြီးမားတာပါ။ လူသန်းပေါင်း ၁၀၀ ကျော် သေဆုံးတဲ့ ၁၉၁၈ စပိန်တုပ်ကွေးလိုမျိုး နှစ်တစ်ရာကျော်အတွင်းမှာ ပထမဆုံး ထပ်ဖြစ်လာတာပါပဲ။”ဟု ၎င်းက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က WHO သည် တရုတ်၌ ဗိုင်းရပ်စ် စပျံ့ချိန်၌ တိကျသော သတင်းအချက်အလက် ဖြန့်ဝေခြင်း မရှိသကဲ့သို့ လွဲမှားစွာ ကိုင်တွယ်သည်ဟုဆိုကာ WHO သို့ ရန်ပုံငွေ ထည့်ဝင်မှုကို ရပ်တန့် ကြောင်း ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီးလည်း တီဒရို့စ်က ချေပပြောဆိုသည်။

WHO တွင် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး စင်တာ CDC မှ တာဝန်ရှိသူများပါ လုပ်ကိုင်နေခြင်းကြောင့် ဗိုင်းရပ်စ်အကြောင်း အဦးအစမှာပင် ပြောဆိုခြင်းမရှိဘဲ အမေရိကန်ကို ဖုံးကွယ်ထား သည်ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required