ပြည်ဆေးရုံက သူနာပြုနှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဧပြီ ၂၁

COVID-19 လူနာအမှတ် (၁၁၈) နှင့် (၁၁၉) တို့မှာ ပြည်ဆေးရုံမှ သူနာပြုများဖြစ်ကြောင်း  ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ပြောသည်။

“ပြည်မှာပဲထားမှာပါ။ အခုသူတို့ နေတဲ့အဆောင်ကနေဆေးရုံခေါ်ဖို့လုပ်နေပါပြီ။ လောလောဆယ်တော့ သူတို့နှစ်ယောက်က ကျန်းမာရေးကောင်းပါတယ်ဗျ။ သူတို့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ရွေ့ပြောင်းသင့်ရင် တိုင်းကျန်းမာရေးဦးစီးက ရွေ့ပေးပါလိမ့်မယ်။’’ဟု  ဦးထွန်းထွန်းဦးကဆိုသည်။

ဦးထွန်းထွန်းဦးသည် ပဲခူးတိုင်း COVID- 19 ကာကွယ်ရေးကော်မတီဥက္ကဌလည်းဖြစ်သည်။
 
သူနာပြုဆရာမနှစ်ဦးသည် လူနာအမှတ် ၁၇ (သေဆုံး)ကို ကုသစဉ်မှစ၍ ပြည်ဆေးရုံဝန်းရှိ အဆောင်များတွင်သာ နေထိုင်ခဲ့သည်။ယင်းနောက်မှာတော့ ပြည်တက္ကသိုလ်၊သန္တာဆောင်တွင် Facility Quarantine ကိုတစ် ယောက်တစ်ခန်း ထားရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးအတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်သူတို့နှစ်ဦး၏ကျန်းမာရေးအခြေအနေကောင်းမွန်သောကြောင့် ပြည်ကုတင် ၅၀၀ ဆေးရုံကြီးတွင်သာ ထားရှိကာ ဆေးကုသပေးမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
 
 သူတို့လူနာကြည့်ပြီးကတည်းက အိမ်မပြန်ကြလို့ အိမ်တွေကို Lockdown ချစရာတော့မရှိဘူး။” ဟုပြောသည်။

အဆိုပါ သူနာပြုဆရာမနှစ်ဦးသည် လူနာအမှတ် ၁၇ (သေဆုံး)ကို ကုသရာတွင်ပါဝင်ခြင်းကြောင့် ဧပြီ ၃ ရက်က နှာခေါင်းတို့ဖတ်ယူစစ်ဆေးရာတွင် ရောဂါမတွေ့ရှိဘဲ လူနာမှတ် ( ၃၀) မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန် နှင့် အတူနေထိုင်ခဲ့သူများဖြစ်၍ ဧပြီ ၁၉ရက်က ထပ်မံစစ်ဆေးရာရောဂါတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်စိုးစိုးကြည်ကပြောသည်။
 
“ပထမတစ်ကြိမ်တုန်းကတော့ လူနာကိုင်လို့စစ်ခဲ့တာ။ အဲဒါပြီးတော့ ဒုဆေးရုံအုပ်အိမ်က လွတ်နေလို့သူတို့ကို ထားလိုက်တာ။ ထားလိုက်တဲ့အတွက်ကြောင့် Case 30 က Positive (ရောဂါပိုးတွေ့ရှိ) ဖြစ်လို့ အစ်မတို့က ဒုတိယအကြိမ်ပြန်စစ်တာပါ။ Case 30 နဲ့ တစ်အိမ်တည်းမှာ Close contact (အနီးကပ်ထိတွေ့ဆက်စပ်မှု) ဖြစ်သွားတဲ့ အတွက်ကြောင့်ပါ။ တစ်အိမ်တည်းမှာနေတာက ဆရာမ ခုနှစ်ယောက်ရှိတာဆိုတော့ ကျန်တဲ့သူတွေပါ တစ်တွဲတည်း ၁၄ရက်ပြည့်လို့ ထပ်စစ်တာပါ။” ဟု ဒေါက်တာခင်စိုးစိုးကြည်က ပြောသည်။
 
လူနာအမှတ် (၃၀) မေ့ဆေးဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်သည် မြန်မာနိုင်ငံတွင် ဆေးကုသပေးရင်း ကူးစက်ခံရသော ပထမဆုံးဆရာဝန်ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယနေ့အထိ COVID-19 အတည်ပြုလူနာ ၁၁၉ ဦးနှင့်သေဆုံးသူ ငါးဦးရှိသွားပြီဖြစ်သည်။ အတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်သူ ကိုး ဦးရှိလာခဲ့ပြီး  ခြောက် ဦးဆေးရုံကဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ထိုခြောက်ဦးမှာ လူနာအမှတ်  (၃) ၊ လူနာအမှတ် (၄) ၊ လူနာအမှတ် (၇) ၊ လူနာအမှတ် (၉) ၊ လူနာအမှတ် (၂၁) နှင့် လူနာအမှတ် (၁၅) တို့ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required