သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေနံစျေးနှုန်း သုညဒေါ်လာအောက် ကျဆင်း

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေနံစျေးနှုန်း သုညဒေါ်လာအောက် ကျဆင်း

ဧပြီ ၂၁

အမေရိကန်ရေနံစျေးနှုန်းများသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အနုတ် နယ်နမိတ်ထဲသို့ ထိုးစိုက်ကျသွားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာစေခဲ့သည့် ဝယ်လိုအား အငွေ့ပြန် ပျောက်ပျက်မှုနှင့်အတူ ယခုအခါ ကမ္ဘာတွင် ရေနံများ အလျှံပယ်ဖြစ်စေခဲ့ပြီး သိုလှောင်မှုနေရာ အလုံအလောက် မရှိဘဲဖြစ်ကာ ကျန်ရစ်စေလျက် ရှိသည်။ ဆိုလိုသည်မှာ ရေနံထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်လုပ်ထားမှုများကို ၎င်းတို့လက်ထဲမှ အစွန်ထုတ်ရောင်းနိုင်ရန်အလို့ငှာ ဝယ်သူများကို ငွေပြန်ပေးနေရခြင်းပင် ဖြစ်သည်။

အမေရိကန် ရေနံစံသတ်မှတ်ချက် West Texas Intermediate (WTI) သည် ရေနံစျေးကွက်များထဲ ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်သည့် နေ့တစ်နေ့တွင် တစ်စည်လျင် အနိမ့်ဆုံး အနုတ် ၄၀ ဒသမ ၃၂ ဒေါ်လာဖြင့် ရောင်းဝယ်ခဲ့ရသည်။  ဧပြီ ၂၀ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှအရောင်းအဝယ်စျေးနှုန်းသည် အနုတ် ၃၇ ဒသမ ၆၃ ဒေါ်လာ ဖြစ်ပြီး ယင်းကို ပြီးခဲ့သည့် ဧပြီ ၁၇ ရက်က ဒေါ်လာ ၁၈ ဒသမ ၂၇ နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အရောင်းအဝယ်ပြုလုပ်သူ (ကုန်သည်) များအနေဖြင့်လည်း Okalahoma ပြည်နယ် Cushion မြို့ရှိ အဓိက ရေနံ ဖြန့်ဖြူးပို့ဆောင်မှုနေရာ အပါအဝင် အမေရိကန်နိုင်ငံတဝန်း သိုလှောင်မှုဆိုင်ရာ ဝင်ဆံ့မှုပိုင်းတွင် အကန့်အသတ်ဖြင့်သာ လုပ်ဆောင်နိုင်ခွင့် ရှိသည့်အခြေအနေနှင့် ရင်ဆိုင်အတွေ့မှာပင် အရှုံးပေးခဲ့ရသည်။

ရေနံလုပ်ငန်းကဏ္ဍကို အကာအကွယ်ပေးရန်အလို့ငှာ အပြင်းအထန် ကြိုးပမ်းအားထုတ်ထားခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်အတွက်လည်း ယခု ရေနံစျေးနှုန်းများ ပြိုလဲကျဆင်းခြင်းက အဓိက ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။ ထရမ့်အနေဖြင့် ရေနံထုတ်လုပ်မှု လျှော့ချရေးအတွက် အိုပက်နှင့် ရုရှားတို့၏ လုပ်ဆောင်ချက်များကို ထောက်ခံအားပေးခြင်းနှင့် လုပ်ငန်းကို ပံ့ပိုးထောက်ကူမည်ဟု ကတိပြုခြင်းတို့ကို လုပ်ဆောင်ထားခဲ့သူ ဖြစ်သည်။

စျေးနှုန်းများ ကျဆင်းမှု ဖြစ်ပေါ်ပြီးနောက် မစ္စတာ ထရမ့်က ကုန်သွယ်မှုဆိုင်ရာ သိုလှောင်ရုံများတွင် သိုလှောင်ထားရှိရန် နေရာတစ်နေရာ ရှာတွေ့နိုင်ခြင်းမရှိသည့် အပိုရေနံများကို ထိန်းသိမ်းသိုလှောင်ရန်အတွက် ဖက်ဒရယ် ထိန်းချုပ်သည့် မဟာဗျူဟာကျ ရေနံ အရန်သိုလှောင်ထားရှိရာနေရာကို ဖွင့်လှစ်မည့် အစီအစဉ်များကို ထပ်လောင်းပြောဆိုသွားသည်။ အိမ်ဖြူတော်က အဆိုပါ အိုင်ဒီယာကို လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က ပထမဆုံး စတင်အဆိုပြုခဲ့ချိန်တွင် ရေနံစိမ်းကို ဖက်ဒရယ်ဘက်က ဝယ်ယူမှုအတွက် ငွေကြေးမတည်ရန် ကွန်ဂရက်က ငြင်းဆန်ခဲ့သည်။ သို့သော် သိုလှောင်နိုင်စွမ်းနှင့်ပတ်သက်၍ ထုတ်လုပ်သူများထံ အငှားချနိုင်မည့် ဖြစ်နိုင်ခြေအလားအလာများကို အမေရိကန်စွမ်းအင်ဌာနက စဉ်းစားသုံးသပ်လျက် ရှိသည်။

“ကျွန်တော်တို့ရဲ့ အမျိုးသား ရေနံအရန်ထားရှိမှုတွေကို ဖြည့်နေပါတယ်၊ မဟာဗျူဟာကျ အရန်ရေနံတွေပေါ့၊ ဒီ အရန်ရေနံထားရှိမှုမှာ အမြင့်ဆုံးအမှတ်ဆီ ရောက်တဲ့အထိ စည်ပေါင်း ၇၅ သန်းအထိ ဖြည့်ဖို့ ကျွန်တော်တို့  လုပ်နေပါတယ်” ဟု ထရမ့်က ၎င်း၏ တစ်နေ့တာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။ “ဒါကို ဝယ်ဖို့ ခွင့်ပြုချက် တောင်းသွားပါမယ်၊ ဒါမှလည်း အဲဒါကို ကျွန်တော်တို့ သိုလှောင်ထားပါတယ်၊ တစ်နည်းမဟုတ် အခြားတစ်နည်းပေါ့၊ အဲဒါက ပြည့်သွားပါလိမ့်မယ်” ဟု ထရမ့်က ပြောသွားသည်။

Shale ရေနံလုပ်ငန်းသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်ကို ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်သူအဖြစ် အသွင်ပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။ ယင်းက အမေရိကန်သမ္မတကိုလည်း “အမေရိကန် စွမ်းအင် ကြီးစိုးခြယ်လှယ်မှု” ဆိုသည့် နိုင်ငံခြားရေးမူဝါဒ လက်နက်တစ်ခုကို အပ်နှင်းပေးခဲ့သည်။ သို့သော် ယခုအခါ ယင်းသည် လျင်မြန်သော ကျဆင်းမှုတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ကမ္ဘာ့ အဓိက စီးပွားရေးအင်အားကြီး နိုင်ငံ အများအပြားတွင် လော့ခ်ဒေါင်းချမှတ်မှုများကြောင့်လည်း ရေနံစိမ်း ဝယ်လိုအားကို အများဆုံး သုံးပုံ တစ်ပုံအထိ ထိုးဆင်းကျစေခဲ့ပြီးနောက်ပိုင်း အနုတ်ပြသည့် စျေးနှုန်းများက ရေနံကဏ္ဍအပေါ် ရိုက်ခတ်နေသည့် အကျပ်အတည်း၏ နက်ရှိုင်းမှုအတိုင်းအတာကို နောက်ဆုံး ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်သည်။ ၎င်း မြင်တွေ့ထားခဲ့ရသမျှတွေအနက် မျှော်လင့်အားရဖွယ်ရာ မရှိဆုံးသော ရေနံအလားအလာ မြင်ကွင်းဆိုပြီး Jefferies ၏ အကဲဖြတ်တစ်ဦးဖြစ်သည့် Jason Gammel ပြောသလို အခြေအနေတစ်ရပ်နှင့် ယခု ရေနံလုပ်ငန်းသည် ရင်ဆိုင်နေရပြီဖြစ်သည်။

ရေနံအရောင်းအဝယ် စာချုပ်အားလုံး အနုတ် နယ်နမိတ်အတွင်း အရောင်းအဝယ်ပြုလုပ်နေရခြင်း မဟုတ်ပေ။ နိုင်ငံတကာ စံသတ်မှတ်ချက် Brent ရေနံသည် ဧပြီ ၂၀ ရက်က ၈ ဒသမ ၉ ရာခိုင်နှုန်း တန်ဖိုးကျဆင်းပြီး တစ်စည်ကို ဒေါ်လာ ၂၅ ဒသမ ၅၇ ကို ကျဆင်းခဲ့သည်။ သို့သော် ယင်းသည် သိုလှောင်မှုပြဿနာများဖြင့် ချက်ချင်း ဖိစီးခံရခြင်း မရှိပေ။

Brent သည် ပင်လယ်ရေကြောင်းတွင် ပို့ဆောင်ရသော ရေနံတစ်မျိုး ဖြစ်ပြီး အရောင်းအဝယ်ပြုလုပ်သူများအနြေဖင့် ယင်းကို ဝယ်လိုအားမြင့်မားသော ဧရိယာများသို့ အလွယ်တကူပင် ပို့ဆောင်နိုင်သသည်။ “Brent ကျတော့ ခင်ဗျားအနေနဲ့ ဒါကို သင်္ဘောတွေပေါ် တင်လို့ရနိုင်ပါတယ်၊ ပြီးတော့ ကမ္ဘာအနှံ့ချက်ချင်း ရွှေ့ပြောင်းပို့ဆောင်လို့ရပါတယ်၊ဒါပေမယ့်လည်း Cushion က သိုလှောင်ကန်တွေကတော့ မေလမှာ ပြည့်သွားပါလိမ့်မယ်” ဟု Energy Aspects မှ Amrita Sen က ပြောသည်။

ဇွန်လတွင် ပေးပို့ရမည့် WTI စာချုပ်များတွင်  ၁၄ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးဆုံးရှုံးခဲ့သော်လည်း တစ်စည်ကို ဒေါ်လာ ၂၀ အထက်တွင် ဆက်ထိန်းထားနိုင်သည်။ သို့သော် ယင်းသည် နောက်ထပ် ဆုံးရှုံးမှုများနှင့် ကြုံရနိုင်ကြောင်း အရောင်းအဝယ်ပြုလုပ်သူများက သတိပေးခဲ့သည်။ WTI နှင့် Brent စံသတ်မှတ်ချက်များသည် ဇန်နဝါရီလက တစ်စည်ကို ဒေါ်လာ ၆၅ ၏ အထက်တွင် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့သည်။

ထို့ပြင် အမေရိကန်တွင် ရေနံသိုလှောင်မှုပိုင်းဆိုင်ရာ ဝင်ဆံ့မှုပမာဏသည် နှစ်ပတ်အတွင်း ကုန်ခန်းသွားမည်ဟု မျှော်လင့်ကြောင်းနှင့် နိုင်ငံ၏ ရေနံ သုံးစွဲမှု ပြိုလဲခြင်းသည် အရှိန်မြန်ဆန်လာလိမ့်မည်ဖြစ်ေကြာင်း ရေနံစျေးကွက်ဆိုင်ရာ သတင်းဌာန The Schork Report ၏ အယ်ဒီတာ Stephen Schork က ပြောသည်။

ထို့ပြင် အလုပ်လက်မဲ့ဦးရေ သိသိသာသာ မြင့်တက်လာခြင်းနှင့်အတူ အမေရိကန်တွင် ကားမောင်းနှင်သူဦးရေ နည်းပါးလာမည်ဖြစ်သဖြင့် ဓာတ်ဆီဝယ်လိုအားကို ယင်း၏ အမြင့်ဆုံးရောက်သည့် နွေရာသီကာလများအတွင်းမှာပင် ထိခိုက်မှုများ ဖြစ်လာစေလိမ့်မည်ဖြစ်ကြောင်း Mr Schork က ထပ်လောင်းပြောသွားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကြောင့် နက်နဲသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဆုတ်ယုတ်မှုတစ်ခုကို ဖြစ်စေလိမ့်မည်ဆိုသည့် အလားအလာတစ်ခုကြောင့် ရေနံစိမ်း စျေးနှုန်းများသည် ယခုနှစ်အတွင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်သည် ဧပြီ ၂၀ ရက်အထိ ၂ ဒသမ ၄ သန်း ရှိနေပြီး သေဆုံးသူ ၁၆၅,၀၀၀ ကျော် ရှိနေကြောင်း Johns Hopkins တက္ကသိုလ်၏ ဒေတာအချက်အလက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required