စင်ကာပူ၌ COVID-19 ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း၌ ၁၄၀၀ ကျော် ရှိ၊ အများစုက အဆောင်နေ နိုင်ငံခြားသား အလုပ်သမားများ ဖြစ်

စင်ကာပူ၌ COVID-19 ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း၌ ၁၄၀၀ ကျော် ရှိ၊ အများစုက အဆောင်နေ နိုင်ငံခြားသား အလုပ်သမားများ ဖြစ်

ဧပြီ ၂၀

စင်ကာပူနိုင်ငံတွင် ဧပြီ ၂၀ ရက်၌ တစ်ရက်တည်း၌ COVID-19 ကူးစက်ဖြစ်ပွားသူ ၁၄၂၆ ဦး ရှိခဲ့ရာ စုစုပေါင်း ကူးစက်ဖြစ်ပွားသူပေါင်း ၈၀၁၄ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

ယခု အသစ်ကူးစက်ဖြစ်ပွားမှု အများစုသည် နိုင်ငံခြားသား အလုပ်သမား အဆောင်တန်းလျားများတွင် work permit ဖြင့် နေထိုင်ကြသူ အများစုဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မီဒီယာသို့ ကနဦးထုတ်ပြန်သည့် စာရင်းအရ သိရသည်။

အသစ် ကူးစက်ဖြစ်ပွားသူများတွင် ၁၆ ဦးကသာလျှင် စင်ကာပူနိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်ခွင့်ရသူများ ဖြစ်သည်။

“ကူးစက်ဖြစ်ပွားမှု အသေးစိတ်အား စစ်ဆေးဆဲဖြစ်ပြီး နောက်ထပ် တွေ့ရှိချက်များကို ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ည ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသွားမည်ဖြစ်ကြောင်း။” အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုထားသည်။

စင်ကာပူနိုင်ငံသည် လက်ရှိတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ပိုမို များပြားလာခဲ့ကာ အရှေ့တောင်အာရှတွင် အဆိုးဆုံး ကူးစက်ဖြစ်ပွားနေသော နိုင်ငံဖြစ်လာခဲ့သည်။

COVID-19 ဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေခြင်းကြောင့် နိုင်ငံခြားသား အလုပ်သမား အဆောင်တန်းလျား ၁၈ ခုစလုံးကို သီးသန့်ဧရိယာအဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။

COVID-19 ကူးစက်ပျံ့နှံ့မှု တားဆီးရေး ကြိုတင်ကာကွယ်မှုအဖြစ် work permit ကိုင်ဆောင်ထားသူ အားလုံးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလယ်အလတ်အဆင့် ကျွမ်းကျင်လုပ်သားအဆင့် S Pass ကိုင်ဆောင်သူများအား မေ ၄ ရက်အထိ မဖြစ်မနေ အိမ်ထဲမှာပဲ နေရန် ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly