ဖွင့်ထားလက်စ စက်ရုံ၊ အလုပ်ရုံများအား အမြန်ဆုံးစစ်ဆေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရပြော

ဖွင့်ထားလက်စ စက်ရုံ၊ အလုပ်ရုံများအား အမြန်ဆုံးစစ်ဆေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရပြော
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ ဧပြီ ၂၀ရက်

သင်္ကြန်ကာလပိတ်ရက်များကုန်ဆုံး၍ စက်ရုံ အလုပ်ရုံများ ပြန်ဖွင့်လာသည်ကို တွေ့ရသည်။

အဆိုပါ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိကို ဧပြီလကုန်မတိုင်မီ အမြန်ဆုံးစစ်ဆေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး  အစိုးရက ပြောသည်။
 

ဓာတ်ပုံ-သူရ/မဇ္ဈိမ

ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်တွေက ဘာလဲ

  • -  အလုပ်ရှင်များအနေဖြင့် အလုပ်သမားများအား အလုပ်တက်/ဆင်း ပြုလုပ်ရန်အတွက် - ဝန်ထမ်းကြို/ပို့ ယာဉ်များအား စီစဉ်ပေးရန်
  • - ထိုယာဉ်ပေါ်တွက် လက်သန့်ဆေးရည်၊ တစ်ခါသုံးတစ်သျှူး၊ ခွဲစိတ်သုံး ပါးစပ်နှင့်နှားခေါင်းစည်းများ ထားရှိပေးရန်
  • - လူစုလူဝေးမဖြစ်စေရန် အလုပ်ဌာနအလိုက် အလုပ်တက်/ဆင်းချိန် ခွဲခြားသတ်မှတ်ပေးရန်
  • - ကိုယ်အပူချိန်တိုင်းတာသည့်စက်များဖြင့် ဝန်ထမ်းများအား အပူချိန်တိုင်းတာပြီးမှသာ ဝင်ရောက်ခွင့်ပြုရန်
  • - အပူချိန် ၃၈°C ထက်များနေပါက လုပ်ငန်းခွင်သို့ဝင်ရောက်ခြင်းမပြုဘဲ အနားပေးရန်၊ - တစ်ဦးနှင့်တစ်ဦး သုံးပေအကွာမှနေ၍ အလုပ်လုပ်နိုင်ရန်နှင့် လူစုလူဝေး အလုပ်လုပ်ကိုင်ခြင်းအား ရှောင်ရန် စသည်တို့ဖြစ်သည်။

 လူဝင်မှုကြီးကြပ်ရေးနှင့်အလုပ်သမားရေးရာဝန်ကြီးဌာနမှ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က"ဖွင့်ထားလက်စ စက်ရုံတွေကိုတော့ အမတို့ ဒီဟာတွေကို အမြန်ဆုံးစစ်ဆေးပေးမယ်။ စစ်တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျန်းမာရေးက လိုအပ်တဲ့မူဘောင်တွေနဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် ဆက်လက်ဖွင့်သွားမယ်"ဟု ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကြေညာချက်က မနေ့ကမှ ထုတ်ပြန်ခဲ့သည်။ ယနေ့နံနက်တွင် လုပ်ငန်းခွင်ဝင်သူအများအပြားကို အုပ်စုလိုက် သွားလာကြသည်ကို တွေ့ကြရ၍ အာဏာပိုင်များ၏ စီမံခန့်ခွဲမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ဓာတ်ပုံ-သူရ/မဇ္ဈိမ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က " သင်္ကြန်ကာလ ရုံးပိတ်ရက်တွေ စကတည်းက သင်္ကြန်ကာလပြီးရင် စက်ရုံ အလုပ်ရုံတွေ ဖွင့်မှာ လား၊ ဘယ်လိုပုံစံနဲ့ ဖွင့်မှာလဲဆိုတဲ့ မေးခွန်းတွေက သက်ဆိုင်အရာ အဖွဲ့တွေက ပြောထားတာတွေ ရှိတယ်။ မနေ့ညကမှ ကပ်ပြီးတော့ အမိန့်ထုတ်လိုက်တဲ့ အခါကျတော့ ဒီနေ့ မနက်မှာ တွေ့နေရတဲ့ သတင်းတွေအရ စက်ရုံတွေရှေ့မှာ အလုပ် သမားတွေ သွားပြုံနေတာတွေ၊ စက်ရုံတွေက လုပ်ငန်းစတာတွေ၊ မနေ့က ပြန်ရောက်လာတဲ့ စက်ရုံ အလုပ်သမားတွေ တည်းခိုဖို့ အခက်အခဲ ဖြစ်တာတွေလည်း တွေ့နေရတော့ ပြန်ချုံပြောရရင်တော့ ရည်ရွယ်ချက်ကောင်းပေမယ့် လုပ်တာ နောက်ကျတဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ ပြဿနာရှုပ်တယ်လို့ မြင်ပါတယ်"ဟု ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ‌လူဝင်မှုကြီးကြပ်ရေးနှင့်အလုပ်သမားရေးရာဝန်ကြီးဌာနမှ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က "ည ၈နာရီမှ ညွှန်ကြားချက်လာတယ်။ အဆင်သင့်ဖြစ်နေတဲ့စက်ရုံတွေရယ် အဆင်သင့်ရောက်ရှိနေတဲ့ အလုပ်သမားတွေရယ်... ပေါင်းစပ်ပြီးတော့ စက်ရုံဖွင့်ကြတာတွေရှိတယ်။ တချို့ကျတော့လည်း ၃၀ ရက်နေ့မှ ပြန်ဖွင့်မယ်ဆိုတဲ့ စက်ရုံတွေရှိတယ်။ အဲ့ဒီအခြေအနေပေါ်မှာတော့ သူတို့အလုပ်ရှင်နဲ့ အလုပ်သမားကလည်း ၂၀ ရက်နေ့မှာ ပြန်ဖွင့်မယ်ဆိုတာကို နဂိုကတည်းက ကိုယ့်ရဲ့အလုပ်သမားတွေကို မှာလိုက်ပြီးသားဖြစ်တဲ့အတွက် ဒီနေ့လာပြီးတောါဖွင့်ကြတာပေါ့။  အမတို့အနေနဲ့ ဖွင့်ပါ ပိတ်ပါဆိုတဲ့အခြေအနေကို ဆောင်ရွက်သွားမှာမဟုတ်ပါဘူး။ "ဟု ပြောသည်။

အလုပ်သမားများ၏ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စက်ရုံများတွင် ကျန်းမာရေးနဲ့ပတ်သက်သည့် လိုအပ်ချက်ရှိနေတဲ့အချက်များရှိပါက လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ကာ အမြန်ဆုံးလည်ပတ်စေမည်ဟု ၎င်းကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly