သတိ- ညမထွက်ရအမိန့်ကို ချိုးဖောက်သူများအား အရေးယူတော့မည်

သတိ- ညမထွက်ရအမိန့်ကို ချိုးဖောက်သူများအား အရေးယူတော့မည်

ဧပြီ ၂၀

 ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည့်နေ့တွင် ည ၁၀ နာရီနောက်ပိုင်းနေအိမ်ပြင်ပသို့ထွက်ခွာမှုများကို သတိပေးမှုများဆောင်ရွက်ခဲ့သော်လည်း အလားတူဖြစ်စဉ်များထပ်မံရှိလာပါက ထုတ်ပြန်ထားသည့်ဥပဒေအရ အရေးယူ သွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များတွင် ည ၁၀ နာရီမှ နံနက် ၄နာရီအထိ ညမထွက်ရ အမိန့်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧပြီလ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် သန်လျင်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် ဧပြီ ၁၈ရက်၊ည ၁၀နာရီကျော်က  ကားနှစ်စီး၊ဆိုင်ကယ် လေးစီးဖြင့် လူ ခြောက်ဦးသည် ပြင်ပသို့ထွက်ရှိလာသည့်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များက သတိပေးမှုများလုပ်ဆောင်ခဲ့ကြောင်း သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူ းဦးအောင်ကိုထွန်းက ပြောသည်။

 “ အဓိကကတော့ ဖောက်ဖျက်ချင်လို့ဖောက်ဖျက်တာတော့ မဟုတ်ဘူး။ ကားနှစ်စီးနဲ့ ဆိုင်ကယ် လေးစီးတွေ့တယ်။ ကားနှစ်စီးမှာ တစ်စီးကတော့ သီလဝါအထူး စီးပွားရေးဇုန်က ဝန်ထမ်းဖြစ်တယ်။ သူက ဟိုကနေ ၉ နာရီ ခွဲလောက်ကနေ ပြန်လာတဲ့အခြေအနေမှာ ၁၀နာရီ ၅မိနစ်လောက်မှာ စစ်ဆေးတွေ့ရှိရတယ်။ ကျန်တာတွေကလည်း ကိုယ့်မြို့ကို ကိုယ်ပြန်လာတဲ့အချိန်မှာ တွေ့ရတာဖြစ်တယ်။ ဥပဒေကို ချိုးဖောက်ချင်လို့ သွားလာတာမျိုး တော့ မတွေ့ရပါဘူး''ဟု သန်လျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက မဇ္ဈိမသို့ပြောသည်။

်လက်ရှိတွင် အချိန်မတော်သွားလာခြင်းများမရှိစေရေးအတွက်  သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၇ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၈အုပ်တွင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့များဖြင့် အဖွဲ့များဖွဲ့ကာ ဆောင်ရွက်လျက်ရှိသည်။

စမ်းချောင်းမြို့နယ်တွင်လည်း ၎င်းညမထွက်ရအမိန့်ထုတ်ပြန်ခဲ့သည့် ညပိုင်းတွင် နေအိမ်ပြင်ပသို့ထွက်ခွာနေထိုင်မှုအချို့ရှိခဲ့သည့်အတွက် လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့များက နေအိမ်တွင်သာနေထိုင်ရန် သတိပေးမှုများပြု လုပ်ခဲ့ရကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် ဗိုလ်တထောင်၊အင်းစိန်၊မင်္ဂလာတောင်ညွန့်၊အလုံ၊စမ်းချောင်း၊ဗဟန်း၊မင်္ဂလာဒုံ၊တာမွေ၊မရမ်းကုန်း၊တောင်ဥက္ကလာပ၊မြောက်ဥက္ကလာပ၊လှိုင်သာယာ ၊လှည်းကူး၊ရွှေပြည်သာ၊ပန်းဘဲတန်း၊ပုဇွန်တောင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စုစုပေါင်း (၁၇) မြို့နယ်တွင်  COVID-19ရောဂါအတည်ပြုလူနာများတွေ့ရှိခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ညမထွက်ရအမိန့် ပုဒ်မ ၁၄၄သည် မြို့နယ်အုပ်ချုပ်ရေး၏ အမိန့်ကို ဖီဆန်ပါက ပစ်ခတ်ဖမ်းဆီးနိုင်ပြီး ထောင်ဒဏ် ခြောက်လမှ တစ်နှစ်အထိ အရေးယူနိုင်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required