COVID-19 ကိုင်တွယ်ဖြေရှင်းရေး ဆွီဒင်နိုင်ငံ၏ အငြင်းပွားဖွယ် နည်းဗျူဟာက ထိရောက်

COVID-19 ကိုင်တွယ်ဖြေရှင်းရေး ဆွီဒင်နိုင်ငံ၏ အငြင်းပွားဖွယ် နည်းဗျူဟာက ထိရောက်

ဧပြီ ၂၀

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအား တိုက်ဖျက်ရာတွင် ဆွီဒင်နိုင်ငံ၏ ပုံမှန်မဟုတ်သော ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းက စတင်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာပြီဟု နိုင်ငံ၏ ထိပ်တန်း ကူးစက်ရောဂါပညာရှင်က ပြောသည်။

COVID-19 တုံ့ပြန်ဖြေရှင်းရာ၌ နောက်ကွယ်မှ ကြီးကြပ်ပေးနေသော အန်ဒါးစ်တက်နဲလ်က နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်နှုန်းနှင့် သေဆုံးနှုန်းသည် စတင်တည်ငြိမ်လာပြီဟု ဌာနေမီဒီယာအား ပြောသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက တိုးတက်လာပါတယ်။”ဟု တက်နဲလ်က ဆွီဒင်သတင်းအေဂျင်စီ TT သို့ ပြောသည်။

ဆွီဒင်နိုင်ငံသည် ကပ်ရောဂါဘေး စတင်ပျံ့နှံ့ချိန် တစ်လျှောက် စာသင်ကျောင်းများ၊ လက်ဖက်ရည်ဆိုင်များ၊ ဘားများနှင့် စားသောက်ဆိုင်များကို ဖွင့်လှစ်ခွင့်ပေးထားခဲ့သည့် နိုင်ငံဖြစ်သည်။ ယင်းအစား အစိုးရက နိုင်ငံသားများအား ကိုယ့်တာဝန်ကို သိပြီး လူခွာနေခြင်း social distancing လမ်းညွှန်ချက်များကို လိုက်နာကြရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

ကမ္ဘာတစ်လွှားတွင် COVID-19 ပျံ့နှံ့မှုကြောင့် နိုင်ငံများသည် နည်းလမ်းစုံ တုံ့ပြန်နေရပြီး အာဏာပိုင်များအနေဖြင့်လည်း ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရုန်းကန်နေရသည်။

ထိုသို့ ရုန်းကုန်နေရချိန်တွင် မည်သည့် နည်းဗျူဟာက အထိရောက်ဆုံး ဖြစ်မည်က မတိကျ မသေချာသေးပဲ ဆွီဒင်နိုင်ငံက ပညာရှင်များကပင် ကောက်ချက်ဆွဲရန် စောလွန်းသေးကြောင်း သတိပေးလာခဲ့ရသည်။

သို့သော် နိုင်ငံများအနေဖြင့် တင်းကြပ်သည့် အဝင်အထွက်ပိတ် lockdown ချခြင်းကြောင့် ဖြစ်ပေါ်သော ကြီးမားသည့် စီးပွားရေး ပျက်စီးမှုကြောင့် ကမ္ဘာတစ်လွှားတွင် ဆွီဒင်နိုင်ငံ၏ ကိုင်တွယ်ဖြေရှင်းပုံက စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ဆွီဒင်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးတွင် တစ်စိတ်တစ်ပိုင်း အင်အားဖြစ်စေသည်မှာ ကမ္ဘာတွင် အကောင်းဆုံး ကျန်းမာရေးစနစ် ရှိခြင်းကလည်း မှီတည်နေသည်။ ဆွီဒင်နိုင်ငံတွင် ဆေးဝါးပစ္စည်း ပြတ်လပ်မှုနှင့် ဆေးရုံဆေးခန်း မလုံလောက်မှုများကို ရင်ဆိုင်ကြုံတွေ့ရခြင်း မရှိပေ။

ဆွီဒင်နိုင်ငံသားများ၏ နေထိုင်မှုဘဝပုံစံကလည်း လက်ရှိ ကပ်ဘေးကို နိုင်ငံက ကိုင်တွယ်ဖြေရှင်းနေရာ၌ အကူအညီ ဖြစ်နေဖွယ်ရှိသည်ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သော ပွမ်မာရွိုင်းက ပြေသည်။ ဆွီဒင် အိမ်ထောင်စုများ၏ ထက်ဝက်ကျော်သည် တစ်ကိုယ်တည်းနေသူများ ဖြစ်ကြခြင်းကြောင့် social distancing ကို အလွယ်တကူပင် ဖော်ဆောင်နိုင်သည်။

ဥရောပမှ မည်သည့်နေရာကထက်မဆို အိမ်မှပင် အလုပ်လုပ်ကြသော လူဦးရေလည်း ပိုများပြီး လူတိုင်းသည် မြန်ဆန်သည့် အင်တာနက်ကို ရရှိခြင်းကြောင့် ရုံး၏ အဝေးမှပင် အလုပ်ကို ပိုမို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်း ဖြစ်သည်။

ဆွီဒင်နိုင်ငံတွင် စနေနေ့က COVID-19 ရောဂါကြောင့် လူ ၂၉ ဦး သေဆုံးရာ တနင်္ဂနွေနေ့အထိ နိုင်ငံအတွင်း COVID-19 ကြောင့် သေဆုံးသူ ၁၅၄၀ ဦးအထိ ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly