အသက်တစ်နှစ်ခြောက်လအရွယ် COVID-19 ပိုးတွေ့ ကလေးလူနာ သေဆုံးသည်မှာ သတင်းအမှားဖြစ်

အသက်တစ်နှစ်ခြောက်လအရွယ် COVID-19 ပိုးတွေ့ ကလေးလူနာ သေဆုံးသည်မှာ သတင်းအမှားဖြစ်

 ဧပြီ ၁၉၊ ရန်ကုန်

အသက် တစ်နှစ်ခြောက်လအရွယ် COVID-19 အတည်ပြုလူနာ အမှတ် ၉၅ သေဆုံးသည်ဆိုသောသတင်းသည် ကောလဟာလသာဖြစ်ကြောင်း ဒေါက်တာခင်ခင်ကြီးက သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
 
ဧပြီလ ၁၈ရက်နေ့၊ ညကိုးနာရီခန့်က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည့် စာရင်းထဲတွင် အသက် တစ်နှစ်ခြောက်လသာရှိသေးသောကလေးငယ်တစ်ဦးပါဝင်ခဲ့သည်။ထိုကလေးမိဘများမှာ အတည်ပြုလူနာ အမှတ် ၆၇နှင့် ၆၈ တို့ဖြစ်သည်။အတည်ပြုလူနာအမှတ် ၃၉ (သေဆုံး)သည် ၎င်းတို့နှင့် အဘိုးတော်စပ်ကြောင်းသိရသည်။

 အဆိုပါ အသက်တစ်နှစ်ခြောက်လအရွယ် ကလေးတွင် ပိုးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပြီး တစ်နာရီအတွင်း Hnin Phwint ဟူသော လူမှုကွန်ယက်အကောင့်မှ စတင်ကာ အဆိုပါ ကောလဟလကို ဝေမျှခဲ့ခြင်းဖြစ်ပြီး Like ပြုလုပ်သူ ၁၉၀၀ကျော်နှင့် ပြန်လည်ဝေမျှသူ ၁၇၀၀ကျော်ရှိခဲ့သည်။

 ကျန်းမာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက “မနက်က Case 95 အသက်တစ်နှစ်ခြောက်လ ကလေးနဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထုတ်လွှင့်ကြတာ ဘယ်လိုမှ နားမလည်နိုင်အောင်ပါပဲ လူတွေဟာ ဘာလို့များ သူများဒုက္ခအပေါ်ချနင်းပြီး သတင်းမှားတွေ ထုတ်လွှင့်ကြပါလိမ့်”ဟု  ၎င်း၏ လူမှုကွန်ယက်စာမျက်နှာထက်တွင် ရေးသားခဲ့သည်။

 လက်ရှိ ထိုကလေးမှာ ပိုးတွေ့လူနာ မိဘနှစ်ဦးစလုံးနှင့်အတူ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တစ်ခန်းတည်းအတူ ဆေးကုသမှုခံယူလျှက်ရှိပြီး ချောင်းအနည်းငယ်ဆိုးသည်မှလွှဲ၍ အဖျားမရှိကြောင်း သိရသည်။

 ၎င်းတို့ မိသားစု သုံးဦးစလုံးမှာ ဧပြီလ ၁၂ရက်နေ့က ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့ဖြင့် သေဆုံးခဲ့သော Case 39 အဘိုးဖြစ်သူထံမှ တစ်မိသားစုလုံး ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။

 လက်ရှိတွင် စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၁၀၇ ရှိပြီး အထူးကြပ်မတ်ကုသခံယူရသူ လူနာ နံပါတ် 28,87,89 တို့သုံးဦးရှိနေသည်။ကျန်လူနာများမှာ အခြေအနေတည်ငြိမ်လျှက်ရှိကြောင်းသိရသည်။

လက်ရှိအချိန်အထိ သေဆုံးသူ ငါး ဦး ရှိပြီး ဓာတ်ခွဲအတည်ပြု Negative နှစ်ကြိမ်ဖြစ်သူ ၅ ဦးရှိပြီဖြစ်သည်။ နှစ်ဦးကတော့ ဆေးရုံကဆင်းပြီး ကျန် ၃ ဦးကို ဆေးရုံဆင်းဖို့ကိစ္စ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်းလူမှုကွန်ယက်စာမျက်နှာတွင် ဖြန့်ဝေမှုများရှိနေသည့် လူနာအမှတ် (၃၀) မေ့ဆေးဆရာဝန်အားထပ်မံစစ်ဆေးချက်သည် Negative ဖြစ်ကြောင်းသတင်းဖော်ပြချက်တွေဟာလည်း သတင်းအမှားသာ ဖြစ်ပြီး ဓာတ်ခွဲအဖြေ ထပ်မယူရသေးသောကြောင်း ဒေါက်တာခင်ခင်ကြီးကရေးသားထားသည်။

 COVID-19 ပိုးတွေ့လူနာ မြင့်တက်လာသည့် ယခုရက်ပိုင်းအတွင်း COVID-19 လူနာ သေဆုံးသည် ၊ လဲကျသည်ဆိုသည့် ကောလဟာလများ၊ ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးပေါ်ပြီ ဟူသော ကောလဟာလများ၊ ခြင်မှတဆင့် ကူးစက်နိုင်သည်ဆိုသော ကောလဟာလများ အကောင့်တုများမှတဆင့် ထွက်ပေါ်လာခဲ့သည်။

 သတင်းအမှားဖြန့်ဝေသူများကို အရေးယူမည်ဖြစ်ကြောင်းပြီးခဲ့သည့်လဆန်းပိုင်းက အစိုးရကထုတ်ပြန်ခဲ့ပေမယ့် ယနေ့အထိအရေးယူမှုအခြေအနေအားထုတ်ပြန်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required