တက္ကသိုလ်၊ဒီဂရီကောလိပ်များ ဧပြီ ၃၀ ရက်ထိ ပိတ်မည်

ဧပြီ - ၁၉ ။               ။တက္ကသိုလ်၊ဒီဂရီကောလိပ်များရှိ ဆရာ၊ဆရာမများ နွေရာသီအားလပ်ရက်ကို ဧပြီတစ်လလုံးသတ်မှတ်ပေးထားပြီး ဧပြီ ၃၀ ရက်နောက်ပိုင်းမှသာ တာဝန်များပြန်လည်ထမ်းဆောင်ကြရန် တက္ကသိုလ်ဘအသီးသီး က ထုတ်ပြန်လိုက်သည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက်ကပ်ရောဂါကြောင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များပိတ်ထားရကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ကထိက တစ်ဦးဖြစ်သည့် ဦးလှိုင်တင့်က "မနက်ဖြန်ပြန်ဖွင့်ရင် အလှည့်ကျကျူတီဝင်ရမှာတွေရှိတယ်။ အရင်နှစ်ကတော့ နွေရာသီအားလပ်ရက်က မေလမှာ ပေးတယ်။ အဲတုန်းကတော့ အားလပ်ရက်ပေးပေမယ့် ၁၅ရက်က အလှည့်ကျနဲ့ ဆင်းရတာတွေတော့ရှိတယ်။ "ဟု မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၁၈ရက်စွဲဖြင့် ကလေးတက္ကသိုလ်၊ မကွေးတက္ကသိုလ် ၊စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်တို့တွင် ဧပြီလ ၃၀ရက်နောက်ပိုင်းမှသာ တာဝန်များ ပြန်လည်ထမ်းဆောင်ရန်  ညွှန်ကြားထားသည်။

နေရပ်ပြန်သွားသည့် ဆရာ၊ဆရာမများအနေဖြင့် လက်ရှိရောက်နေသည့် နေရာတွင်သာ ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး လိုအပ်ပါက Facility Quarantine ဝင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတွေ့သည့် မတ်လ ၂၄ ရက်နေ့တွင် တက္ကသိုလ်၊ဒီဂရီကောလိပ်များတွင် စာမေးပွဲများဖြေဆိုနေချိန်ဖြစ်ပေမယ့် ရောဂါထိန်းချုပ်နိုင်ရေးအတွက်ကျောင်းများကိုချက်ချင်းပိတ်ပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင်မရှိသည့် အခြားတက္ကသိုလ်များကိုလည်း ဧပြီလကုန်အထိ ပိတ်ထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တက္ကသိုလ်  ၉၉ ခုနှင့် ဒီဂရီကောလိပ်ပေါင်း ၃၁ ခုရှိကြောင်းပညာရေးဝင်ကြီးဌာန၏ ဝက်ဆိုက်ဒ်တွင်ဖော်ပြချက်များအရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required